ယူနိုက်တက်မှာ ဆက်ရှိနိုင်ဖို့ ဘယ်လိုကစားရမလဲဆိုတာ အန်တိုနီကိုအကြံပေးလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေရောင်းချခံရနိုင်တယ်လို့ သတင်းကြီးနေတဲ့ တောင်ပံကစားသမား အန်တိုနီကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်နေထိုင်လိုပါက ဘယ်လိုပုံစံနဲ့ကစားဖို့လိုသလဲ အကြံပေးပြောကြားလာခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ အေဂျက်စ်မှ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ကြေးပေါင် ၈၅ သန်းနဲ့ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ စတင်ရောက်ရှိချိန်ကတည်းက ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရပြီး ခြေစွမ်းပြသနိုင်ခြင်းလည်းမရှိသေးပါဘူး။ ဘရာဇီးသားဟာ ယူနိုက်တက်မှာ ၂ ရာသီခွဲကြာနေထိုင်ခဲ့ပြီးဖြစ်ပေမယ့် ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုးသာသွင်းယူပေးထားနိုင်ပြီး သူ့ရဲ့ ခန့်မှန်းရလွယ်ကူတဲ့ ကစားပုံနဲ့ ၃၆၀ ဒီဂရီလှည့်တဲ့ အကျိုးမရှိလုပ်ရပ်တွေကြောင့် မကြာခဏ ဝေဖန်ခံခဲ့ရသူလည်းဖြစ်ပါတယ်။
ဒါကြောင့် နောက်ဆုံးမှာတော့ ယူနိုက်တက်အနေနဲ့ အသင်းအတွက် အကူအညီပေးနိုင်စွမ်းမရှိတဲ့ ကစားသမားကို ရောင်းချတော့မယ်လို့ ဆုံးဖြတ်ထားပေမယ့် နည်းပြအာမိုရင်ကတော့ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး အသင်းမှာဆက်လက်အသုံးပြုဖို့ ရည်ရွယ်ထားပုံရပါတယ်။ ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်စီးတီးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ အန်တိုနီကို လူစားဝင်ကစားသမားအဖြစ် ထည့်သွင်းအသုံးပြုခဲ့ပြီး ကစားသမားရဲ့ခြေစွမ်းကိုသဘောကျတယ်လို့ဆိုပါတယ်။
အန်တိုနီရဲ့အနာဂတ်က အန်တိုနီရဲ့လက်ထဲမှာပဲရှိနေကြောင်းကို အာမိုရင်က “ကျွန်တော်တို့ဒီကိုစရောက်ကတည်းက လူတိုင်းစင်းလုံးချောတွေမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဒီရောက်လာတဲ့ ၁ လတာအတောအတွင်း လူတိုင်းက ကျွန်တော်တို့နဲ့အတူ စတင်သွားရမှာဖြစ်တယ်ဆိုတာ ရှင်းပြထားခဲ့ပါတယ်။ ပြီးတော့ အားလုံးကလည်း ကိုယ့်လက်ထဲမှာရှိနေတဲ့ စွမ်းအားနဲ့အတူ စတင်နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ သူတို့ကိုယ်သူတို့သက်သေပြနိုင်ရင် ကျွန်တော်ကတော့ အသိအမှတ်ပြုသွားမှာပါပဲ။ အရေးကြီးတာ အသင်းအတွက်ကောင်းဖို့ပါပဲ။ အန်တိုနီက ပြီးခဲ့တဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ သူက အဲဒီနေရာမှာ တိုးတက်နေပါတယ်။ သူ့အနေနဲ့ ခံစစ်ပိုင်းကို ပိုကစားသွားရမယ်ဆိုပေမယ့် ဒီအပိုင်းမှာပဲ သူ့ရဲ့စွမ်းရည်ကိုမြင်တွေ့ရလို့ ဒီပုံစံကို ဆက်လက်တိုးတက်ဖို့ကြိုးစားသွားရမှာသူ့တာဝန်ပါပဲ” လို့ပြောကြားခဲ့ပါတယ်။
အန်တိုနီဟာ အာမိုရင်လက်အောက်မှာ ယူရိုပါလိဂ်ပွဲစဉ် ၁ ပွဲသာ ပွဲထွက်ပါဝင်ကစားခဲ့ရပြီး အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ဟာ ဘိုဒိုဂလင့်ကို ၃-၂ နဲ့အနိုင်ရခဲ့ပါတယ်။ လာမယ့်ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် တော့တင်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး ၃ ရက်အကြာမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ကစားသွားရပါမယ်။