The network connection is lost.

Banner Image

ချဲလ်ဆီးကနေထွက်ခွာပြီး အာဆင်နယ်သို့ပြောင်းရွှေ့ခဲ့ခြင်းက ကစားသမားဘဝတစ်လျှောက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ကိုင်ဟားဗက်ဇ်

အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟားဗက်ဇ်က ချဲလ်ဆီးကနေထွက်ခွာပြီး အာဆင်နယ်သို့ပြောင်းရွှေ့ခဲ့ခြင်းမှာ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

၂၀၂၃-၂၄ ရာသီအစမှာ စတန်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာပြီး အမ်းမရိတ်စ်သို့ရောက်ရှိလာခဲ့တဲ့ ဂျာမန်သားဟာ မန်နေဂျာ မီခေးလ်အာတီတာရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့အတူ ခြေစွမ်းပိုင်း တိုးတက်ကောင်းမွန်လာပြီး လက်ရှိအချိန်မှာတော့ အာဆင်နယ်ရဲ့ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ရပ်တည်ထားနိုင်ပြီဖြစ်ပါတယ်။ 

ချဲလ်ဆီးမှ ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်းနဲ့ရောက်ရှိလာခဲ့တဲ့ ဟားဗက်ဇ်ဟာ အာဆင်နယ်သို့ စတင်ရောက်ရှိချိန်မှာ တန်ကြေးနဲ့ ထိုက်တန်တဲ့ခြေစွမ်းမျိုးပြသနိုင်ခဲ့ခြင်းမရှိတာကြောင့် ပရိသတ်ဝေဖန်မှုတွေနဲ့လည်း ကြုံတွေခဲ့ရပါသေးတယ်။

သို့သော်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာတော့ ကစားသမားဟာ အာဆင်နယ်အတွက် သူ့ရဲ့ပထမဆုံးသွင်းဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ရလာခဲ့ကာ ယခုအခါမှာတော့ အာတီတာအတွက် ၂၃ ဂိုးအထိသွင်းယူပြီး ဂိုးဖန်တီးမှု ၈ ကြိမ်အထိပြုလုပ်ပေထားနိုင်ပြီဖြစ်ပါတယ်။ 

ယခုအခါမှာ ဟားဗက်ဇ်က “ကျွန်တော့်အတွက်တော့ အာဆင်နယ်ကိုပြောင်းလာခဲ့တာက ကစားသမားဘဝတစ်လျှောက် အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။ ဒီမှာရှိနေခဲ့တဲ့ကာလတစ်လျှောက်လုံး ကျွန်တော့်ကို အားပေးကူညီခဲ့ကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ အသင်းကိုရောက်တာ အခုမှ အစပဲရှိသေးပေမယ့် အတတ်နိုင်ဆုံးပိုကောင်းအောင်ကစားသွားပြီး ဆုဖလားတွေအတွက် တိုက်ပွဲဝင်သွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ယူနိုက်တက်ကို ၂-၀ နဲ့ပြတ်ပြတ်သားသားအနိုင်ရခဲ့တဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ် ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်ထားနိုင်ပြီး ဒုတိယနေရာက ချဲလ်ဆီးနဲ့ ရမှတ်တူ၊ ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၇ မှတ်သာကွာဟနေပါတယ်။ ဆက်လက်ပြီး ဂျာမန်သားက “ကျွန်တော်တို့အခုမှ ရာသီရဲ့ပထမပိုင်းမှာပဲရှိပါသေးတယ်။ ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်။ ကျွန်တော့်အမြင်မှာတော့ ပရီးမီးယားလိဂ်က တစ်နှစ်ပြီးတစ်နှစ် ပိုပိုခက်လာတယ်လို့ ထင်ပါတယ်။ လီဗာပူးက ရုတ်တရက်ကြီး ထိပ်တန်းအဆင့်ကို ရောက်လာပြီး အခုချိန်မှာ ဇယားကို ဦးဆောင်ထားပါတယ်။ သူတို့ရဲ့ခြေစွမ်းကို ကျွန်တော်ချီးကျူးပါတယ်။ ဒါပေမယ့် ကစားဖို့ပွဲတွေအများကြီးကျန်နေသေးပြီး အမှတ်တွေလည်း ရယူဖို့လိုအပ်နေသေးလို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ပဲ ပြောချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

အခုလို အာဆင်နယ်အနေနဲ့ ခြေစွမ်းကောင်းတွေပြန်လည်ရရှိလာခြင်းမှာ အသင်းခေါင်းဆောင် မာတင်အိုဒီဂတ် ဒဏ်ရာမှ ပြန်လာနိုင်ခြင်းနဲ့လည်း သိသိသာသာ သက်ဆိုင်နေပါတယ်။ အိုဒီဂတ်နဲ့ပတ်သက်ပြီးတော့လည်း ဟားဗက်ဇ်က “သူက မှော်ဆရာတစ်ယောက်ပါ။ ဘယ်အရာကိုမဆို တည်တည်ငြိမ်ငြိမ် လွယ်လွယ်ကူကူနဲ့လုပ်နိုင်ပါတယ်။ ပွဲထဲမှာဆိုလည်း သူက ဘာကိုမဆိုပြောင်းလဲနိုင်စွမ်းရှိပြီး ဆုံးဖြတ်ချက်လည်း ပြတ်သားတဲ့သူပါ။ သူက ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ ကစားသမားပါ” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။ 

ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် နိုင်ပွဲဆက်ထားတဲ့အာဆင်နယ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာတော့ ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အပြုသဘောဆောင်တဲ့ရလဒ်မျိုး ဆက်လက်ဖန်တီးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။