
ယူနိုက်တက်ကို ၃၉ ပွဲသာကိုင်တွယ်ထားပေမယ့် အင်တာဗျူး ၄၉၁ ကြိမ်အထိ ဖြေခဲ့ရတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ အသင်းကို ပရီးမီးယားလိဂ် ၂၅ ပွဲ၊ ယူရိုပါလိဂ် ၁၀ ပွဲနဲ့ ပြည်တွင်းဆုဖလားပြိုင်ပွဲ ၄ ပွဲ စုစုပေါင်း ၃၉ ပွဲသာ ကိုင်တွယ်ခဲ့ရပေမယ့် အင်တာဗျူးကတော့ ၄၉၁ ကြိမ်အထိ ဖြေဆိုခဲ့ရပါတယ်။
ပရီးမီးယားလိဂ်မီဒီယာ အခွင့်အရေးတွေအရ မီဒီယာတွေဟာ ဘယ်အသင်းကိုမဆို ပွဲမစမီ ၁၅ မိနစ်အတွင်း အင်တာဗျူးခွင့်ရှိပါတယ်။ အဆိုပါ အင်တာဗျူးတွေမှာ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံးကလပ် ယူနိုက်တက်ကတော့ သာမန်အသင်းတွေထက် ပိုပြီးတော့ အင်တာဗျူးခံရပြီး နည်းပြ အာမိုရင်အနေနဲ့ ၁၅ မိနစ်အတွင်း အကြိမ်ကြိမ်အင်တာဗျူးခံခဲ့ရတာဖြစ်ပါတယ်။
မီဒီယာတွေဟာ ယူနိုက်တက်ရဲ့ပြိုင်ဘက်အသင်းမှ နည်းပြတွေကို အင်တာဗျူးသိပ်ပြီးတော့ ပြုလုပ်လေ့မရှိဘဲ အာမိုရင်ကိုသာ အင်တာဗျူးဖို့ စိတ်အားထက်သန်နေကြတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်စည်းမျဉ်းစည်းကမ်းတွေအရ အာမိုရင်အနေနဲ့လည်း အင်တာဗျူးတွေကို ရှောင်လွှဲခြင်းမရှိဘဲ တတ်နိုင်သလောက် ဖြေကြားပေးခဲ့တယ်လို့သိရပါတယ်။
ယခုအခါမှာတော့ အသေးစိတ်အချက်အလက်တွေအရ အာမိုရင်ဟာ ယခုနှစ်ရာသီအတွင်း အင်တာဗျူး ၄၉၁ ကြိမ်အထိ ဖြေဆိုခဲ့ရကြောင်း မြင်တွေ့ခဲ့ရပါတယ်။ Goal.com ရဲ့ဖော်ပြချက်အရ ပေါ်တူဂီသားနည်းပြဟာ ပရီးမီးယားလိဂ်မှာ ၂၉၆ ကြိမ်၊ ပြည်တွင်းဖလားပြိုင်ပွဲတွေမှာ ၄၅ ကြိမ်နဲ့ ယူရိုပါလိဂ်မှာ ၁၅၀ ကြိမ် အင်တာဗျူးတွေဖြေဆိုခဲ့ရတယ်လို့သိရပါတယ်။
စပို့တင်းလစ္စဘွန်းမှပြောင်းရွှေ့လာခဲ့တဲ့ အာမိုရင်ဟာ ပရီးမီးယားလိဂ်ရဲ့ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ အသားကျဖို့ ရုန်းကန်နေရပြီး လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မေလ ၂၂ ရက်နေ့မှာတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် တော့တင်ဟမ်ကို စပိန်မြေမှာသွားရောက်ရင်ဆိုင်ရပါမယ်။