The network connection is lost.

Banner Image

ယူနိုက်တက်ဂိုးသမား အိုနာနာကို ကမ်းလှမ်းမှုပြုလုပ်လာတဲ့ မိုနာကို

ပြင်သစ်လီဂူးကလပ် မိုနာကိုဟာ မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယခုအခါမှာတော့ ကမ်းလှမ်းမှုစတင်ပြုလုပ်လာခဲ့တယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။  ပြင်သစ်သတင်းတွအရ မိုနာကိုဟာ အသင်းရဲ့ဂိုးပေါက်ကို အင်အားဖြည့်တင်းဖို့အတွက် ဥရောပတစ်ဝှမ်းဂိုးသမားတွေရှာဖွေနေခဲ့ပြီး ယခုအခါမှာတော့ အိုနာနာကို သင့်တော်တဲ့အပြောင်းအရွှေ့တစ်ခုအဖြစ် ရှုမြင်နေတယ်လို့ဆိုပါတယ်။ 

တစ်ချိန်တည်းမှာပဲ မိုနာကိုဟာ အိုနာနာကိုသာမက လီဂူးဝမ်းကလပ် စထရာဘော့မှာ အငှားစာချုပ်နဲ့လာရောက် ကစားခဲ့တဲ့ ချဲလ်ဆီးဂိုးသမား ပီထရိုဗစ်ကိုလည်း ချိတ်ဆက်နေတယ်လို့သိရပါတယ်။ ပီထရိုဗစ်အနေနဲ့လည်း နောက်ရာသီ လက်ရှိချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာရဲ့လက်အောက်မှာ ပွဲထွက်ခွင့်ရဖို့ မသေချာတာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာလိုနေတာဖြစ်ပါတယ်။ 

မိုနာကိုဟာ ယူနိုက်တက်ဂိုးသမား ဒေးဗစ်ဒီဂီယာကို ခေါ်ယူဖို့ကြိုးစားခဲ့သေးပေမယ့် စပိန်သားဟာ လက်ရှိကလပ် ဖီအိုရင်တီးနားနဲ့ စာချုပ်သစ်ချုပ်ဆိုထားပြီဖြစ်ပါတယ်။ မိုနာကိုအတွေက်နောက်ထပ်ရွေးချယ်စရာအနေနဲ့ ဘာစီလိုနာမှရောင်းချသွားဖွယ်ရှိတဲ့ အန်ဒရေတာစတီဂန်ကိုလည်း ခေါ်ယူဖို့အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ မကြာသေးမီက အက်စ်ပန်ညိုဂိုးသမား ဂျိုအန်ဂါစီယာကိုခေါ်ယူခဲ့တဲ့ ဘာစီလိုနာအနေနဲ့ တာစတီဂန်ကိုရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ 

အိုနာနာဟာ ယူနိုက်တက်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။ ယူနိုက်တက်ဟာ အိုနာနာကိုခေါ်ယူဖို့ ပေါင် ၄၇.၅ သန်းအထိအသုံးပြုခဲ့တာကောင့် ကင်မရွန်းသားကို အိုးလ်ထရက်ဖို့ဒ်က‌နေ ဈေးပေါပေါနဲ့တော့ ထွက်ခွာခွင့်ပြုဖို့အလားအလာမရှိပါဘူး။ ဒါကြောင့် မိုနာကိုအနေနဲ့ အိုနာနာကိုခေါ်ယူနိုင်ဖို့ အနည်းဆုံး ပေါင်သန်း ၃၀ လောက်အထိတော့ ကုန်ကျသွားဖွယ်ရှိပါတယ်။ 

မိုနာကိုဟာ နောက်ထပ်ကစားသမားသစ်ခေါ်ယူမှုအဖြစ် တားမြစ်ဆေးပြစ်ဒဏ်မှ လွတ်မြောက်လာတဲ့ ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟောင်း ပေါလ်ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်ကလည်း ပြင်သစ်သားကိုစိတ်ဝင်စားနေတာကြောင့် မိုနာကိုအနေနဲ့ လက်ဦးမှုရယူနိုင်ဖို့ အပြောင်းအရွှေ့ကို လျင်လျင်မြန်မြန်လုပ်ဆောင်နေတယ်လို့သိရပါတယ်။