The network connection is lost.

Banner Image

ဇာဗီဆိုင်မွန်စ်ရဲ့သွင်းဂိုးကို ပယ်ဖျက်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် မကျေမနပ်ဖြစ်နေတဲ့ ရော်နယ်ကိုးမန်း

ဒီနေ့မနက်ပိုင်း၊ ပြင်သစ်အသင်းနဲ့ ဂိုးမရှိ သရေကျတဲ့ ဥရောပချန်ပီယံရှစ်အုပ်စုအဆင့် ပွဲစဉ်မှာ သူ့ရဲ့အသင်း သွင်းဂိုးကို ပွဲကြီးကြပ်သူတွေ မှားယွင်းပယ်ဖျက်မိခဲ့တယ်လို့ နယ်သာလန်လက်ရွေးစင် အသင်းနည်းပြ ရော်နယ်ကိုးမန်းက ယုံကြည်နေပါတယ်။

ဒီပေးရဲ့ကန်ချက်ကို ပြင်သစ်ဂိုးသမား မိုင်ဂနန်ကာကွယ်နိုင်ခဲ့ပြီးနောက် လျှံထွက်လာတဲ့ ဘောလုံးကို ဇာဗီဆိုင်မွန်စ် မနားတမ်းကန်သွင်းပြီး နယ်သာလန်အသင်းအတွက် ပွဲချိန်နှောင်းပိုင်း ဦးဆောင်ဂိုးကို ရယူခဲ့ပါတယ်။ ဒီအချိန်မှာပဲ စည်းကြပ်ဒိုင်က သူ့ရဲ့အလံကိုမြှောက်ကာ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပါတယ်။

VAR ရဲ့ အချိန်အတော်ကြာကြာစစ်ဆေးမှုအပြီးမှာ ဆိုင်မွန်စ်ရဲ့ကန်ချက်ကို ပြင်သစ်ဂိုးသမား မိုင်ဂနန်ကာကွယ်နိုင်ဖို့အရေး ဒမ်ဖရီးစ်က လူကျွံအနေအထားဖြင့် အနှောင့်အယှက်ဖြစ်စေတယ်လို့ သုံးသပ်ပြီး ဒီသွင်းဂိုးကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ရော်နယ်ကိုးမန်းက “ဒမ်ဖရီးစ် လူကျွံနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူက ဂိုးသမားကို အနှောင့်အယှက်မဖြစ်စေခဲ့ပါဘူး။ ဒီလိုမျိုးတွေသာ မဖြစ်ပျက်ခဲ့ဘူးဆိုရင် ဒီဂိုးက စည်းမျဉ်းနဲ့ညီညွှတ်တဲ့ သွင်းဂိုးဖြစ်တယ်လို့ပဲ ကျွန်တော် ရှုမြင်ထားပါတယ်။ ဒီဂိုးကို ပြန်စစ်ဆေးဖို့ အချိန် ငါးမိနစ်လောက်ယူခဲ့ရပါတယ်။ ဒီလောက်တောင် ခက်ခဲနေလို့လား? ကျွန်တော်ကတော့ ဒါကို လုံးဝနားမလည်နိုင်ပါဘူး။ ကျွန်တော့်ရဲ့အမြင်ကို နောက်တစ်ကြိမ်ထပ်ပြောရမယ်ဆိုရင် ဒမ်ဖရီးစ်က ဂိုးသမားကို အနှောင့်အယှက်မဖြစ်စေခဲ့ပါဘူး”လို့ ဆိုပါတယ်။

ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ်ကလည်း VAR ရဲ့စစ်ဆေးမှု အချိန်ကြာလွန်းတယ်ဆိုတဲ့ ကိုးမန်းရဲ့အဆိုကို ထောက်ခံလိုက်ပေမယ့် ဒမ်ဖရီးစ်ကတော့ ဂိုးသမားကို အနှောင့်အယှက်ပေးခဲ့တယ်ဆိုတာ ရှင်းလင်းပါတယ်လို့ ဆိုလိုက်ပါတယ်။

ဒက်စ်ချမ့်စ်က “ ဒီရုပ်သံပြကွက်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူချမှတ်နိုင်မှာဖြစ်တာကြောင့် ဒီလောက်အထိ အချိန်ယူစဉ်းစားခဲ့ရမှုအပေါ်  အတော်လေးအံ့သြမိခဲ့ပါတယ်”လို့ ဆိုပါတယ်။

သူတို့နှစ်သင်းရဲ့သရေ ရလဒ်က ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပထမဆုံးဂိုးမရှိသရေကျတဲ့ပွဲစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။