ယူရိုဗိုလ်လုပွဲမှာ အဓိကထိန်းချုပ်ရမယ့် ပြိုင်ဘက်ကစားသမားတစ်ဦးကို ထုတ်ဖော်ပြောပြလာတဲ့ ရိုဒရီ
လာမယ့်တနင်္ဂနွေနေ့၊ ယူရို-၂၀၂၄ ဗိုလ်လုပွဲအတွင်း အင်္ဂလန်ကစားသမားတစ်ဦးကို ထိန်းချုပ်သွားဖို့ အသင်းဖော်တွေဆီ စပိန်ကွင်းလယ်လူရိုဒရီက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ရိုဒရီနဲ့ စပိန်လက်ရွေးစင်အသင်းက ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်ကို အနိုင်ယူပြီးနောက် နယ်သာလန်ကိုကျော်ဖြတ်လာတဲ့ အင်္ဂလန်နဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားသွားရပါမယ်။ မန်စီးတီးကွင်းလယ်ကစားသမားက စပိန်အသင်းရဲ့ အခုလိုအောင်မြင်မှုတွေမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပေမယ့် အယ်တီဟတ်ကွင်းမှာ အတူယှဉ်တွဲကစားနေတဲ့ ဖိုဒန်ရဲ့အရည်အသွေးနဲ့ပတ်သက်လို့တော့ ပူပန်မှုတွေ ရှိနေပါတယ်။
ဖိုဒန်က အခုယူရိုပြိုင်ပွဲရဲ့အချို့အခိုက်အတန့်တွေမှာ ရုန်းကန်နေခဲ့ရပေမယ့် နယ်သာလန်နဲ့ရင်ဆိုင်ရတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အထူးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်ရဲ့ပွဲချိန်နှောင်းပိုင်း အိုလီဝက်ကင်စ်ရဲ့အနိုင်ဂိုး မသွင်းယူနိုင်မီ ဖိုဒန်ကို လူစားလဲလှယ်ခဲ့ပေမယ့် ရိုဒရီကတော့ အင်္ဂလန်ကြယ်ပွင့်မှာ စပိန်အသင်းကို ဒုက္ခပေးနိုင်တဲ့ အရည်အသွေးတွေရှိနေတယ်လို့ ဆိုလိုက်ပါတယ်။
ထိပ်တိုက်ရင်မဆိုင်လိုတဲ့ အင်္ဂလန်ကစားသမားအကြောင်း မေးမြန်းရာမှာ ရိုဒရီက "အင်္ဂလန်အသင်းမှာ အဲ့ဒီလိုကစားသမားတွေ အများကြီးရှိပါတယ်။ ကျွန်တော်ကတော့ ဖိုဒန်ကို ရွေးချယ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ သူနဲ့ကျွန်တော်က အမြဲလိုလို အတူရှိနေခဲ့တာကြောင့် သူ့အကြောင်း သိနေရလို့ပါပဲ။
ဖိုဒန်က နေရာလွတ်ကျဉ်းကျဉ်းလေးထဲမှာတောင် လှုပ်ရှားကစားနိုင်တဲ့ မွေးရာပါအရည်အသွေးမျိုး ရှိနေသူတစ်ဦးပါ။ ဒါကြောင့် သေချာဂရုစိုက်ထိန်းချုပ်သွားရမယ့် ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အသင်းမှာ အခြားပုံစံမျိုးတွေနဲ့ ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားတစ်ဦးတည်းကိုပဲ အာရုံစိုက်နေရတာမျိုးကို မကြိုက်ပါဘူး။ ပြီးပြည့်စုံတဲ့အင်္ဂလန်အသင်းကိုသာ အာရုံစိုက်သွားချင်ပါတယ်။ ကျွန်တော်တို့မှာလည်း ကိုယ့်ရဲ့အစွမ်းထက်လက်နက်တွေကို ကိုင်စွဲပြီး တစ်ဆင့်ချင်းစီ ရင်ဆိုင်သွားရပါမယ်"လို့ပြောပါတယ်။
အလားတူ မန်စီးတီးအသင်းဖော်တွေဖြစ်တဲ့ ဂျွန်စတုန်းစ်၊ ဝေါ်လ်ကာတို့နဲ့ ရင်ဆိုင်ရမယ့် အလားအလာအပေါ် ရိုဒရီက "သူတို့နှစ်ဦးအကြောင်းလည်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ အင်္ဂလိပ်ဘောလုံးလောကရဲ့ ရိုးရာအစဉ်အလာတွေကိုလည်း ကျွန်တော် လုံးဝသိထားပါတယ်။ အင်္ဂလန်အသင်းက အရမ်းထူးချွန်တဲ့ အသင်းကောင်းပါ။ ပွဲစဉ်ရဲ့အခန်းကဏ္ဌအားလုံးကို ထိန်းချုပ်နိုင်ပြီး မတူကွဲပြားတဲ့ကစားသမားတွေ ပါဝင်ပါတယ်။
ခံစစ်ကစားပုံကောင်းမွန်သလို တိုက်စစ်လည်း လိုက်ပါကစားနိုင်ပါတယ်။ အလွတ်တည်ကန်ဘောအသုံးချမှုအပိုင်းမှာလည်း ကောင်းမွန်ပါတယ်။ ကျွန်တော်တို့မှာလည်း လက်နက်ကောင်းတွေ ရှိပါတယ်။ သူတို့ကို အနိုင်ယူနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပြီးသားပါ"လို့ ဆက်ပြောပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းက ဥရောပချန်ပီယံရှစ်ဗိုလ်လုပွဲဆီ နှစ်ကြိမ်ဆက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၅၈ နှစ်ကြာ ဆုဖလားလက်မဲ့ဘဝနာကျင်မှုကို အဆုံးသတ်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ စပိန်အသင်းကတော့ ယူရိုချန်ပီယံဆုကို ၂၀၁၂ ခုနှစ်မှာ နောက်ဆုံးအကြိမ် ရယူထားနိုင်ပါတယ်။