The network connection is lost.

Banner Image

ယူရိုချန်ပီယံဖြစ်ဖို့ ဘယ်လောက်အထိခက်ခဲခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ ရိုဒရီ

စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၄ ယူရိုချန်ပီယံရှစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရိုဒရီဟာ ဥရောပရဲ့ချန်ပီယံဖြစ်ဖို့ ဘယ်လောက်အထိ ခက်ခဲခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

စပိန်အသင်းဟာ ဘာလင်မှာကျင်းပခဲ့တဲ့ ယူရိုဗိုလ်လုပွဲမှာ အင်္ဂလန်ကို ၂-၁ နဲ့အနိုင်ယူပြီး ၄ ကြိမ်မြောက်ချန်ပီယံအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ရိုဒရီဟာ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရတာကြောင့် ဒုတိယပိုင်းတစ်ပိုင်းလုံးကို ကွင်းပြင်ကနေ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့်ဟာ အီတလီ၊ ခရိုအေးရှား၊ ဂျာမနီနဲ့ ပြင်သစ်လိုအသင်းတွေကို ကျော်ဖြတ်ခဲ့တဲ့ စပိန်ရဲ့ ချန်ပီယံခရီးလမ်းကြောင်းကို အဓိကနေရာကနေ ပါဝင်ကူညီပေးနိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ ရိုဒီရီက “အခုလို ချန်ပီယံဖြစ်ခဲ့တာ မယုံနိုင်စရာပါပဲ။ အိပ်မက်တစ်ခုလိုခံစားရပါတယ်။ ဥရောပရဲ့ အကောင်းဆုံးအသင်းလို့အမည်တပ်ခံရတာ ရူးချင်စရာပါပဲ။ ဒါပေမယ့် ဒါက ကျွန်တော်တို့ ဘယ်လောက်အထိနှိမ့်ချပြီး အလုပ်လုပ်ခဲ့ရသလဲဆိုတာကို ပြောချင်တာပါ။ ကျွန်တော်တို့ရဲ့ယုံကြည်မှုက ဘယ်တော့မှမပျက်စီးခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အသင်းကြီး ၄ သင်းကို အနိုင်ယူခဲ့တာပါ။ ဘယ်လောက်ခက်ခဲမလဲဆိုတာ တွေးသာကြည့်ပါတော့” “ကိုးလ်ပယ်မာက ကြီးမားတဲ့ ကြယ်ပွင့်တစ်ပွင့်ပါ။ လာမယ့်နှစ်မှာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာမယ်ဆိုတာ ကျွန်တော်သိနေပါတယ်။ သူသွင်းလိုက်တဲ့ ဂိုးကြောင့် ကျွန်တော်တို့ စိုးရိမ်စိတ်ဝင်ခဲ့မိပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သမိုင်းတစ်ခုကိုရေးနိုင်ခဲ့ပြီဆိုပေမယ့် ကျွန်တော်တို့ မရပ်တန့်သေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

စပိန်ရဲ့အောင်မြင်မှုဟာ တစ်နိုင်ငံလုံးအတွက် ကြီးမြတ်တဲ့ အခိုက်အတန့်ဖြစ်လာခဲ့ပါတယ်။ ယခုနှစ်ယူရိုပြိုင်ပွဲမှာ စပိန်ဟာ ဗိုလ်စွဲဖို့အတွက် ထင်ထင်ရှားရှားရေပန်းစားခဲ့ခြင်းမရှိပေမယ့် ပြိုင်ပွဲအပြီးမှာတော့ ချန်ပီယံဆုနဲ့ ထိုက်တန်မှုရှိကြောင်းကို ပြတ်ပြတ်သားသား သက်သေပြနိုင်ခဲ့ပါတယ်။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း စပိန်အသင်းအနေနဲ့ လူးဝစ်ဒီလာဖူရန်တီရဲ့ ဦးဆောင်မှုအောက်မှာ အောင်မြင်မှုဆက်လက်ရယူနိုင်မလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ရိုဒရီနဲ့စပိန်အသင်းတို့ဟာ အောင်ပွဲခံအခမ်းအနားတွေ ဆက်လက်ကျင်းပဖို့ မွေးရပ်မြေသို့ ပြန်သွားမှာဖြစ်ပြီး အခမ်းအနားတွေအပြီးမှာတော့ လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီအတွက် အနားယူသွားမှာဖြစ်ပါတယ်။

ရိုဒရီအနေနဲ့ အားလပ်ရက်တွေအပြီးမှာတော့ မန်စီးတီးအသင်းနဲ့ ပြန်လည် ပူးပေါင်းသွားမှာဖြစ်ပြီး ရာသီကြိုပွဲစဉ်တွေကစားဖို့ အမေရိကန်သို့ ခရီးထွက်ခွာသွားမှာဖြစ်ပါတယ်။