The network connection is lost.

Banner Image

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ကွတ်စီယာဆီ တရားဝင်ပြောင်းရွှေ့သွားတဲ့ ရီးရဲလ်ကပ္ပတိန်နာချိုဖာနန်ဒက်ဇ်

စပိန်ထိပ်သီးကလပ်အသင်းနဲ့ ဆယ်စုနှစ်နှစ်ခုကျော်ကြာ လက်တွဲမှုကို အဆုံးသတ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်နာချိုဖာနန်ဒက်ဇ်က ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ကွတ်စီယာနဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နာချိုရဲ့ထွက်ခွာမှုနဲ့အတူ အမှတ်ရစရာ ၂၃ နှစ်ကြာ ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီလို့ ရီးရဲလ်မက်ဒရစ်အသင်းဘက်မှ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

မက်ဒရစ်အခြေစိုက်ကလပ်ဆီ အသက်-၁၀ နှစ်အရွယ်မှာပဲ ရောက်ရှိလာခဲ့တဲ့ အသက်-၃၄ နှစ်အရွယ် နောက်ခံလူက ဆော်ဒီပရိုလိဂ်ဆီ တန်းတက်လာတဲ့ ကလပ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိသွားပါလိမ့်မယ်။ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂၄ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ နာချိုအတွက် ဆေးစစ်မှုအစီအစဉ်တွေကို ဂျာမနီနိုင်ငံမှာပဲ လုပ်ဆောင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကစားသမားဘဝမှာ နာချိုက စွယ်စုံရအရည်အသွေး၊ ခေါင်းဆောင်မှုနဲ့ ပြောင်မြောက်တဲ့ ခံစစ်ကစားဟန်တို့ကြောင့် အသင်းအတွက် အရေးပါသူတစ်ဦးအဖြစ် ထင်ရှားခဲ့ပါတယ်။ သူက စပိန်ဘီလူးကြီးနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ၆ ခုအပါအဝင် ဆုဖလား ၂၆ လုံးဆွတ်ခူးပြီးနောက် အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။ အခုလို နာချိုရဲ့အောင်မြင်မှုမှတ်တမ်းက ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းတလျှောက် အခမ်းအနားဆုံးကစားသမားအဖြစ် မိုဒရစ်နဲ့အတူ ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ယမန်နေ့သတင်းစာရှင်းလင်းပွဲအတွင်း နာချိုက “ကျွန်တော် ရီးရဲလ်မက်ဒရစ်အသင်းကို အထူးကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်အထိ ကျွန်တော် ကလပ်အသင်းသစ်နဲ့ လက်မှတ်မထိုးခဲ့ပါဘူး။ အကယ်၍ ကျွန်တော့်ဘက်ကသာ စိတ်ကူးပြောင်းခဲ့မယ်ဆိုရင် သူတို့တွေ အဆင်သင့်ပါပဲဆိုတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့သတင်းစကားကိုလည်း ကျွန်တော်ရရှိခဲ့ပါတယ်။ အသင်းအပေါ် ကျွန်တော့်ရဲ့ချစ်ခင်မြတ်နိုးမှုကိုပြသဖို့အတွက် တိုနီခရူးစ်လုပ်သလိုမျိုး လုပ်ဖို့လည်း မလိုအပ်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝကို အဆုံးမသတ်ချင်သလို သူတို့နဲ့လည်း ပြိုင်ဘက်အဖြစ် ပြန်လည်မရင်ဆိုင်ချင်ပါဘူး။ ဒါက ကျွန်တော့်စိတ်ထဲမှာ အမြဲတမ်းရှင်းရှင်းလင်းလင်းပဲ ရှိနေခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မတူကွဲပြားတဲ့ အတွေ့အကြုံသစ်တွေ လိုချင်မိပါတယ်။ ကျွန်တော့်ဘ၀ ဇောက်ထိုးမိုးမျှော်ဖြစ်သွားလိမ့်မယ်ဆိုပေမယ့် ဒီအရာကို ကျွန်တော်လိုချင်တာပါ။ အခု ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်”လို့ ပြောပါတယ်။

သူ့ရဲ့သစ္စာစောင့်သိမှု၊ ပေးဆပ်မှုနဲ့ ကလပ်အသင်းအောင်မြင်မှု မှတ်တိုင်များစွာအတွက် အကြိမ်ကြိမ်ပူးပေါင်းပါဝင်ပေးမှုတွေကြောင့် နာချိုရဲ့ဂန္တဝင်မြောက်မှုတွေက ရီးရဲလ်မက်ဒရစ်အသင်းမှာ ကာလတာရှည်ခိုင်ခံ့နေပါလိမ့်မယ်။ ကလေးငယ်ဘဝမှာ ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိလာပြီး အသင်းကပ္ပတိန်ဖြစ်လာတဲ့အထိ တိုးတက်လာခဲ့တဲ့ နာချိုရဲ့မှတ်တမ်းတွေက ကလပ်အသင်းအတွက် မေ့ဖျောက်လို့မရတဲ့ အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်နေပါလိမ့်မယ်။

အယ်လ်ကွတ်စီယာဆီ နာချိုရဲ့ပြောင်းရွှေ့မှုက ကစားသမားအတွက်သာမက ဆော်ဒီပရိုလိဂ်အတွက်ပါ ထင်ရှားတဲ့အပြောင်းအလဲတစ်ခုဖြစ်လာပြီး ဆော်ဒီပရိုလိဂ်ရဲ့ကမ္ဘာတစ်ဝန်းရှိ ဘောလုံးကြယ်ပွင့်တွေအပေါ် ဆွဲဆောင်နိုင်စွမ်းကိုလည်း ဆက်လက်တည်ရှိစေခဲ့ပါတယ်။ သူရောက်ရှိလာမှုက ဆော်ဒီပရိုလိဂ်ရဲ့အဆင့်အတန်းကို မြှင့်တင်ပေးနိုင်သလို ကလပ်အသင်းသစ်အတွက်လည်း အဖိုးတန်အတွေ့အကြုံတွေ ယူဆောင်ပေးလာနိုင်ပါလိမ့်မယ်။