The network connection is lost.

Banner Image

အာဆင်နယ်ကို ချန်ပီယံလိဂ်ကနေထွက်ခွာစေနိုင်တဲ့ပြိုင်ဘက် ၄ သင်းကို ပြောကြားလိုက်တဲ့ ဖာဒီနန်

ယူနိုက်တက်ဂန္ထဝင်ဟောင်း ဖာဒီနန်က အာဆင်နယ်အသင်းချန်ပီယံလိဂ်ရမယ်လို့ မမြင်ပဲ အနည်းဆုံးပြိုင်ဘက်အသင်း ၄ သင်းလောက်က သူတို့ကို ထွက်ခွာစေနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အခုအပတ်ချန်ပီယံလိဂ်ပထမအကျော့မှာ အာဆင်နယ်ဟာ ပီအက်စ်ဗွီကို ၁-၇ နဲ့အနိုင်ယူနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ သေချာစေခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်ရလဒ်ဆိုးဝါးခဲ့ပြီးနောက် အာဆင်နယ်ဟာ ဟော်လန်မြေကို သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့တိုက်စစ်ပိုင်းက လိုအပ်ချက်ရှိနေဆဲဖြစ်ပေမယ့် ပီအက်စ်ဗွီနဲ့ပွဲမှာ ဂိုးပြတ်အနိုင်ယူကာ နောက်တစ်ဆင့်အတွက် သေချာစေခဲ့ပါတယ်။ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့်လည်း ဖာဒီနန်က အာဆင်နယ်ဟာ ချန်ပီယံလိဂ်ရဲ့ ၅ သင်းမြောက်အကောင်းဆုံးအသင်းအဖြစ် ရှုမြင်နေပါတယ်။ အာဆင်နယ်ဟာ ကွာတားဖိုင်နယ်မှာ ရီးရဲလ် ဒါမှမဟုတ် တီကိုအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ဆီမီးဖိုင်နယ်မှာလည်း ပွဲကျပ်ထပ်ကန်ရမှာဖြစ်ပါတယ်။

“လက်ရှိရေးဆွဲမှုအရ အာဆင်နယ်က ၅ သင်းမြောက်အကောင်းဆုံးအသင်းလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ပြိုင်ပွဲတစ်ခုလုံးကိုပြောနေတာမဟုတ်ပဲ ရေးဆွဲမှုကိုပြောနေတာပါ။ သူတို့က လီဗာပူး ၊ ရီးရဲလ် ၊ တီကို နဲ့ ပီအက်စ်ဂျီနောက်မှာပဲရှိနေပါတယ်။ အဲ့တာက ရူးသွပ်စရာပါ။ သူတို့ ပြီးခဲ့တဲ့နှစ်ကထက်ပိုသွားနိုင်ခဲ့ပါတယ်။ အဲ့လိုလုပ်နိုင်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။

ကစားသမားအသစ်ခေါ်ယူမှုတော့ လိုအပ်ခဲ့ပါတယ်။ အခုဆို မာရီနိုကို တိုက်စစ်တင်ကစားနေရပါတယ်။ သူတို့ဇန်နဝါရီတုန်းက တိုက်စစ်မှူးခေါ်ယူနိုင်မယ့်အခွင့်အရေးရှိခဲ့ပေမယ့် မခေါ်ယူခဲ့ပါဘူး။ တိုက်စစ်မှူးက ၁၀၀% လိုအပ်တာသေချာပါတယ်။ ကိုင်က အကောင်းဆုံးလုပ်နေပေမယ့် တကယ့်တိုက်စစ်မှူး လိုအပ်ပါတယ်။ သူတို့ အများကြီးလိုအပ်နေပါသေးတယ်။ ပွဲစဉ်ရေးဆွဲမှုအနေအထားအရ ၅ သင်းမြောက်အကောင်းဆုံးအသင်းမှာပဲရှိပါတယ်။

အခြားတစ်ဖက် ဘိုင်ယန် ၊ ဘာစီလိုနာတို့ဘက်ကိုသာ ကျခဲ့မယ်ဆိုရင် အာဆင်နယ်အနိုင်ရဖို့ မလွယ်ပါဘူး။ သူတို့  ပရီးမီးယားလိဂ်ကော ချန်ပီယံလိဂ်ကောရဖို့ အနည်းငယ်လိုအပ်နေပါသေးတယ်။ ကျွန်တော်ကတော့ အဲ့လိုပဲ မြင်မိပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ကွာတားမှာ ရီးရဲလ် ၊ လီဗာပူး ၊ ပီအက်စ်ဂျီတို့နဲ့ တွေ့ဆုံနိုင်ချေများနေပါတယ်။ အခြားတစ်ဖက်မှာတော့ ဘိုင်ယန် ၊ ဘာစီလိုနာ ၊ အင်တာမီလန်တို့ရှိနေပါတယ်။