The network connection is lost.

Banner Image

အမေရိကန်နိုင်ငံ၊ မိုင်ယာမီမှာ ဗီလာရီးရဲလ်-ဘာစီလိုနာပွဲစဉ် ယှဉ်ပြိုင်ကစားစေဖို့ REEF ခွင့်ပြု

အမေရိကန်နိုင်ငံ၊ မိုင်ယာမီမှာ အခုရာသီ၊ ဗီလာရီးရဲလ်-ဘာစီလိုနာပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားစေမယ်ဆိုတဲ့ လာလီဂါဘောလုံးအဖွဲ့ချုပ်ရဲ့တောင်းဆိုမှုနဲ့ပတ်သက်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်(REEF)က ခွင့်ပြုပေးခဲ့ပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်(REEF)ဘုတ်အဖွဲ့ဝင်တွေက တနင်္လာနေ့၊ အစည်းအဝေးတစ်ခုမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။ ပွဲစဉ်ဇယားအရ ဗီလာရီးရဲလ်က ဘာစီလိုနာကို ဒီဇင်ဘာ ၂၁ ရက်၊ စပိန်နိုင်ငံ၊ ဗီလာရီးရဲလ်မြို့မှာ ပွဲစဉ်(၁၇) အဖြစ် ဧည့်ခံကစားသွားရမယ်လို့ ဖော်ပြထားပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ကြေညာချက်တစ်ခုမှာ “ လက်ခံရရှိထားတဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးပြီးနောက် ဘုတ်အဖွဲ့ဝင်တွေရဲ့သဘောတူညီမှုနဲ့အတူ REEF က ဒီဇင်ဘာ ၂၀ ရက်၊ မိုင်ယာမီရှိ Hard Rock Stadium အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်အတွက် ဖီဖာရဲ့နောက်ဆက်တွဲခွင့်ပြုချက်ရရှိစေရေးအလို့ငှာ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ဆီ ဆက်လက်တင်ပြသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဖော်ပြပါရှိပါတယ်။

အမေရိကန်ဘောလုံးအဖွဲ့ချုပ်၊ ယူအီးအက်ဖ်အေ၊ ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ်နဲ့ ဖီဖာတို့ကတော့ အခုအစီအစဉ်နဲ့ပတ်သက်လို့ ခွင့်ပြု၊မပြု မဆုံးဖြတ်သေးပါဘူး။ ဒီအစီအစဉ်အတိုင်းသာ ဖြစ်ပေါ်လာမယ်ဆိုရင် အခုပွဲစဉ်က ပထမဆုံးအကြိမ်၊ နိုင်ငံရပ်ခြားမှာကစားတဲ့ စပိန်ထိပ်တန်းလိဂ်ပွဲစဉ်အဖြစ် မှတ်တမ်းဝင်သွားပါလိမ့်မယ်။