
လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ယူအီးအက်ဖ်အေက ပြောင်းလဲမှု ၃ ခု ထပ်မံပြုလုပ်
ယခု ၂၀၂၄-၂၅ ရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြောင်းလဲပြင်ဆင်မှုတွေ စတင်ပြုလုပ်ခဲ့တာကြောင့် ယူအီးအက်ဖ်အေဟာ ဝေဖန်မှုတွေ အများအပြားကြုံတွေ့ခဲ့ပေမယ့် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပြောင်းလဲမှု ၃ ခုထပ်မံပြုလုပ်သွားဦးမှာဖြစ်ပါတယ်။ ယခုနှစ်ရာသီမှာ ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နိုင်တဲ့အသင်းအရေအတွက်ကို ၃၂ သင်းမှ ၃၆ သင်းအထိ တိုးမြှင့်ခဲ့သလို၊ ယခင်လို ၄ သင်း ၁ အုပ်စုမဟုတ်ဘဲ အမှတ်ပေးဇယားနဲ့ ယှဉ်ပြိုင်စေခဲ့တာဖြစ်ပါတယ်။
အဆိုပါအမှတ်ပေးဇယားအတွင်းမှ ထိပ်ဆုံး ၈ သင်းက ရှုံးထွက် ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်လှမ်းခွင့်ရခဲ့ပြီး အဆင့် ၉ မှ ၂၄ အထိအသင်းတွေကတော့ ၁၆ သင်းအဆင့်သို့တက်ရောက်နိုင်ဖို့ အိမ်ကွင်း၊ အဝေးကွင်း ပလေးအော့ဖ် ၂ ပွဲ ထပ်မံကစားခဲ့ရပါတယ်။ချန်ပီယံလိဂ်ကို အဆိုပါပုံစံနဲ့ ကျင်းပခဲ့ပြီးနောက် ယူအီးအက်ဖ်အေဟာ ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ပရိသတ်တွေထံမှ ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပေမယ့် ယခုအခါမှာတော့ နောက်ထပ်တစ်ကြိမ် ပြောင်းလဲမှုတွေ ထပ်မံပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
လာမယ့်ရာသီ ယူအီးအက်ဖ်အေက ပြုလုပ်သွားမယ့် ပြောင်းလဲမှု ၃ ခုထဲမှ ပထမတစ်ခုကတော့ ကစားသမားတွေရဲ့ ပွဲပန်းမှုဒဏ်ကို အကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဂျာမန်ဘောလုံးသတင်းဌာန BILD ရဲ့အဆိုအရ လာမယ့်ရာသီ ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်တွေအတွင်း နှစ်ဖက်အသင်းအနေနဲ့ သရေရလဒ်ထွက်ပေါ်နေမယ်ဆိုပါက အချိန်ပို ဆက်လက်ကစားစေမှာမဟုတ်ဘဲ ပင်နယ်တီအဆုံးအဖြတ်ကို တစ်ခါတည်းခံယူသွားစေမယ်လို့ သိရပါတယ်။
ဒုတိယမြောက်ပြောင်းလဲမှုကတော့ ချန်ပီယံလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းနေရာကို အရယူနိုင်မယ့် အသင်းတွေအတွက် အားသာချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ လာမယ့်ရာသီကနေစတင်ပြီး ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး ၈ နေရာကို ရယူနိုင်တဲ့အသင်းတွေဟာ ရှုံးထွက်ပွဲစဉ်တွေမှ ဒုတိယအကျော့ပွဲစဉ်တွေကို အိမ်ကွင်းမှာ ကစားခွင့်ရသွားမှာဖြစ်ပါတယ်။
ယခင်ကသတ်မှတ်ထားခဲ့တဲ့ ချန်ပီယံလိဂ်ပုံစံအဟောင်းမှာ နိုင်ငံတူကလပ်တွေအနေနဲ့ ကွာတားဖိုင်နယ်အဆင့်မရောက်မီ ထိပ်တိုက်တွေ့ဆုံမှုမရှိစေဖို့ ပြုလုပ်ထားခဲ့ပေမယ့် ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့၊ အက်သလက်တီကိုမက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင်တို့ ပလေးအော့ဖ်အဆင့်မှာပဲ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။ ဒါကြောင့်တတိယပြောင်းလဲမှုအနေနဲ့ လာမယ့်ရာသီကနေစတင်ပြီး နိုင်ငံတူကလပ်တွေအနေနဲ့ ကွာတားဖိုင်နယ်အဆင့်မတိုင်မီ ထိပ်တိုက်မတွေ့စေဖို့ အဆိုပါစည်းမျဉ်းကို ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။
ဒီရာသီမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ဆီမီးဖိုင်နယ်အဆင့်အထိရောက်ရှိလာခဲ့ပြီဖြစ်ပြီး နောက်ဆုံး ၄ သင်းအနေနဲ့ ဘာစီလိုနာ၊ အင်တာမီလန်၊ အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွေကိုတော့ လာမယ့်အပတ်မှာပဲ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ ဘိုင်ယန်မြူးနစ်အိမ်ကွင်းဖြစ်တဲ့ အလီယန်စ်အရီနာမှာ ကျင်းပသွားပါမယ်။