The network connection is lost.

Banner Image

ယူနိုက်တက်ပစ်မှတ်ဟောင်း ဂူရက်စီကို တရားဝင်ခေါ်ယူလိုက်တဲ့ ဒေါ့မွန်

ဆာအူဂူရက်စီရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိနေပေမယ့် သူ့ကို ဒေါ့မွန်က စတုဂတ်ဆီမှ တရားဝင်ခေါ်ယူလိုက်ပြီလို့ သတင်းထုတ်ပြန်လာပါတယ်။

ဒေါ့မွန်က ဂူရက်စီကိုခေါ်ယူဖို့ အခုနွေရာသီအပြောင်းအရွှေ့အစောပိုင်းကာလတွေကတည်းက စိတ်ဝင်စားနေခဲ့ပေမယ့် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုခံယူချိန် ကစားသမားဆီမှာဒဏ်ရာနောက်ခံသမိုင်းတစ်ခု တွေ့ရှိရတယ်လို့ ဘွန်ဒက်စ်လီဂါကလပ်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

အခုတွေ့ရှိချက် ပေါ်ထွက်လာပြီးနောက် ပြီးခဲ့တဲ့ရာသီ၊ ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ ဒုတိယသွင်းဂိုးအများဆုံးကစားသမားအတွက် အပြောင်းအရွှေ့ညှိနှိုင်းမှုတွေ ပျက်ပြယ်သွားမလားဆိုတဲ့ သံသယတွေ တည်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ ထုတ်ပြန်လိုက်ချိန်မှာတော့ အသက်-၂၈ နှစ်အရွယ်ကစားသမားရဲ့ဒဏ်ရာဟာ ခွဲစိတ်ကုသစရာမလိုအပ်ဘဲ ပြန်လည်ထူထောင်နိုင်ရေး အစီအစဉ်တစ်ခုချမှတ်ပေးဖို့သာ လိုအပ်မယ်လို့ ဒေါ့မွန်မန်နေဂျင်းဒါရိုက်တာရစ်ကင်က ပြောဆိုခဲ့ပါတယ်။

တိုက်စစ်မှူးကို ခေါ်ယူကြောင်းကြေညာချိန် ရစ်ကင်က “ဂူရက်စီရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေရဲ့အကဲဖြတ်မှုတစ်ခု တက်နိုင်သမျှရရှိဖို့က ဒေါ့မွန်အသင်းနဲ့ ကစားသမားတွေရဲ့အကျိုးစီးပွားအတွက် အလွန်အရေးကြီးပါတယ်။ တိကျသေချာမှုကို အလျင်အမြန်ဆောင်ရွက်လိုမှုထက် ဦးစားပေးခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ အခုအချိန်မှာတော့ အချက်အလက်တွေအားလုံး စားပွဲပေါ်မှာရောက်ရှိနေပြီး အခုအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကျွန်တော်တို့က မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ခဲ့တယ်လို့ ယုံကြည်မိပါတယ်။

ဒီကိစ္စကြောင့် ဂူရက်စီရဲ့ဂိုးသွင်းစွမ်းရည်ကို လျှော့ချသတ်မှတ်လိုက်မယ်ဆိုရင် မှားသွားပါလိမ့်မယ်။ တိုက်စစ်မှူးတစ်ဦးကို သူ့ရဲ့သွင်းဂိုးတွေနဲ့ပဲ အကဲဖြတ်ကြတာပါ။ ဒါ့အပြင် ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရချိန် သူစွမ်းဆောင်ပြခဲ့တဲ့ အခန်းကဏ္ဍတွေက ဂူရက်စီဟာ တကယ့်ကစားသမားကောင်းဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြသနေပါတယ်”လို့ ပြောပါတယ်။

ကလပ်အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဂူရက်စီက “ဒေါ့မွန်ဆီရဲ့ကမ်းလှမ်းမှုကို ကြားသိလိုက်ရချိန်က ထူးခြားပါတယ်။ ဘောလုံးကိုစိတ်ဝင်စားတဲ့ ကလေးသူငယ်တိုင်း ဒီကလပ်အသင်းအကြောင်း၊ ဒီအသင်းရဲ့ဂျာစီအကြောင်း၊ ဒီအသင်းရဲ့အဝါရောင်တံတိုင်းကြီးအကြောင်း သိကြပါတယ်။ ဒီလိုအရာတွေနဲ့အတူ ကျွန်တော့်ရဲ့အသင်းဖော်သစ်တွေကြောင့် အရမ်းစိတ်လှုပ်ရှားရပါတယ်။ ကျွန်တော့်အတွက် အရေးတကြီးပြောရမယ့်စကားတစ်ခွန်းကတော့ ချန်ပီယံဆုတွေရယူနိုင်ဖို့ ဒီကလပ်အသင်းဆီ ရောက်ရှိလာတာဖြစ်တယ်ဆိုတာပါပဲ။ ဒီအရာကသာ ကျွန်တော့်အတွက် ရည်မှန်းချက်ဖြစ်သလို မောင်းနှင်အားလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီတက်ရောက်ခြင်းဖြင့် ဒေ့ါမွန်မှာ ဘယ်လောက်အထိအလားအလာကောင်းတွေရှိသလဲဆိုတာ ပြသခဲ့ပြီးပါပြီ”လို့ ဆိုပါတယ်။

အခုလိုတရားဝင်ကြေညာခဲ့ပြီးနောက် ဂူရက်စီက အသင်းရဲ့ရာသီကြိုပုံမှန်ပြင်ဆင်မှုမှာ မပါဝင်နိုင်သေးဘဲ သူ့အတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်တစ်ခုကိုသာ လုပ်ဆောင်သွားရပါလိမ့်မယ်။