
ဘာစီလိုနာကိုငြင်းပယ်ပြီး ဘီလ်ဘာအိုနဲ့ပဲ ဘာကြောင့် စာချုပ်သစ်ချုပ်ဆိုခဲ့သလဲ ရှင်းပြလာတဲ့ နီကိုဝီလီယမ်
စပိန်လက်ရွေးစင်နီကိုဝီလီယမ်ဟာ ဘာစီလိုနာရဲ့ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး လက်ရှိကလပ် ဘီလ်ဘာအိုနဲ့ပဲ ဘာကြောင့်စာချုပ်သစ်ချုပ်ဆိုခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာဟာ ဝီလီယမ်ကိုခေါ်ယူဖို့ကျရှုံးခဲ့တာကြောင့် ယခုနွေရာသီမှာ နောက်ထပ်တစ်ကြိမ်ကြိုးစားလာခဲ့ပေမယ့် ကစားသမားကတော့ ကမ်းလှမ်းမှုတွေကိုငြင်းပယ်ပြီး ဘီလ်ဘာအိုနဲ့သာ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
စပိန်လက်ရွေးစင်ဟာ ဘီလ်ဘာအိုနဲ့ ၂၀၃၅ ခုနှစ်အထိ ၁၀ နှစ်သက်တမ်းရှိ ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်လို့ ဘာစီလိုနာအတွက်တော့ အသင်းရဲ့တောင်ပံကိုအင်အားဖြည့်တင်းနိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ ဝီလီယမ်ဟာ ဘာစီလိုနာသို့ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတွေရရှိထားကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုအခါမှာတော့ မပြောင်းရွှေ့ဖြစ်ခဲ့တဲ့အကြောင်းအရင်းကို ရှင်းပြလာခဲ့ပါတယ်။
အသက်-၂၃ နှစ်အရွယ်ကစားသမားက "ကျွန်တော်တို့မှာ ရည်မှန်းချက်တွေရှိပါတယ်။ ချန်ပီယံလိဂ်လိုပြိုင်ပွဲမျိုးမှာဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရချင်ပါတယ်။ ဒီလိုပြိုင်ပွဲမျိုးကို ကျွန်တော်ချစ်တဲ့အသင်းနဲ့ဝင်ပြိုင်ရတာ ပိုကောင်းမယ်လို့ထင်ပါတယ်။ ဒီအသင်းမှာ သမိုင်းမှတ်တိုင်တွေချန်ရစ်ခဲ့ချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးဝီလီယမ်က ဘီလ်ဘာလိုရဲ့အသင်းခေါင်းဆောင်သစ်ဖြစ်လာခဲ့တဲ့ အစ်ကိုဖြစ်သူ အီနာကီနဲ့အတူတူကစားဖို့အတွက်လည်း ဆန္ဒရှိတာကြောင့် ဘာစီလိုနာကိုငြင်းပယ်ခဲ့တယ်လို့ဆိုပါတယ်။ စပိန်သားက "ကျွန်တော်တို့အတူတူကစားနိုင်ဖို့ အိပ်မက်မက်ခဲ့ကြတာပါ။ ကျွန်တော့်အစ်ကိုက လူတိုင်းအတွက် စံပြတစ်ယောက်ပါ။ အထူးသဖြင့် ကျွန်တော့်အတွက်ပေါ့။ သူကအသင်းခေါင်းဆောင်ဖြစ်လာဖို့ အသင့်တော်ဆုံးလူပါ။ ဘီလ်ဘာအိုရဲ့အသင်းခေါင်းဆောင်လက်ပတ် သူဝတ်ဆင်ထားတာကို ကျွန်တော်အကြာကြီးမြင်ချင်ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘာစီလိုနာနည်းပြဟောင်း အာနက်စ်တိုဗယ်လ်ဗာဒီဦးဆောင်နေတဲ့ ဘီလ်ဘာအိုဟာ ရာသီကြိုလေ့ကျင့်ရေးအစီအအစဉ်ကို ပြီးခဲ့တဲ့ရက်သတ္တပတ်မှာကတည်းက စတင်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ စပိန်အသင်းငယ်တစ်သင်းဖြစ်တဲ့ ပွန်ဖာရာဒီနာနဲ့ ခြေစမ်းသွားမှာဖြစ်ပါတယ်။