
ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် လက်မှတ်များကို ယူနိုက်တက်ဝန်ထမ်းတွေ အခမဲ့ရရှိသွားမှာမဟုတ်
မန်ချက်စတာယူနိုက်တက်ဝန်ထမ်းတွေဟာ တော့တင်ဟမ်နဲ့ရင်ဆိုင်သွားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ပွဲကြည့်လက်မှတ်တွေကို အခမဲ့ရရှိသွားမှာမဟုတ်ဘဲ ဝယ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဘီလ်ဘာအိုမှာကျင်းပသွားမယ့် အဆိုပါပွဲစဉ်အတွက် ယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ရဲ့ ပရိသတ်တွေအနေနဲ့ အယောက် ၁ သောင်းခွဲအထိ ဝင်ရောက်ခွင့်ရသွားမှာဖြစ်ပါတယ်။
ယခုအခါမှာ ယူနိုက်တက်က အဆိုပါပွဲစဉ်အတွက် အသင်းရဲ့လက်မှတ်တွေအား ဝန်ထမ်းတွေကို အခမဲ့ ခွဲဝေပေးသွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။ အခုလို အစီအစဉ်ဟာ မကြာသေးမီက ကလပ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်တွေကို ထိန်းချုပ်နေတဲ့ ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။ ဆာဂျင်မ်ရက်ကလစ်ဖ် မရောက်ခင်က ယူနိုက်တက်ဟာ အသင်းမှာ ဝန်ထမ်း ၁၁၄၀ အထိ ခန့်အပ်ထားခဲ့ပေမယ့် ယခုအခါမှာတော့ အယောက် ၄၅၀ အထိ လျှော့ချခဲ့ပြီဖြစ်ပါတယ်။
တစ်ဖက်က တော့တင်ဟမ်ကတော့ ယူနိုက်တက်နဲ့မတူဘဲ အသင်းရဲ့ အမြဲတမ်းဝန်ထမ်းများကို လက်မှတ်တစ်စောင်စီ အခမဲ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကလပ်ရဲ့ ဝန်ထမ်း ၇၀၀ ခန့်ဟာ လက်မှတ်တွေ အခမဲ့ရရှိသွားမှာဖြစ်ပါတယ်။ မကြာသေးမီလတစ်ချို့မှာ ယူနိုက်တက်ဟာ နောက်ရာသီမှာ အသင်းရဲ့လက်မှတ်တန်ဖိုးကို မြှင့်တင်သွားမယ်လို့လည်း တရားဝင်ကြေညာပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ ရာသီလက်မှတ်တွေကို ဝယ်ယူထားတဲ့ ပရိသတ်အရေအတွက်က ၅ သောင်းခန့်အထိ ရှိနေတယ်လို့သိရပါတယ်။
၂၀၁၇ ခုနှစ်ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ ယူနိုက်တက်ဟာ ပရိသတ်တွေအတွက် အခမဲ့ အစားအသောက်အစီအစဉ်ကို ပြုလုပ်ပေးခဲ့သလို၊ အဆိုတော် ဂယ်ရီဘာလိုးကိုလည်း ဖျော်ဖြေရေးအတွက် ဖိတ်ခေါ်ပေးခဲ့ပါတယ်။ တစ်ဖက်က ပီအက်စ်ဂျီနဲ့ အင်တာမီလန်တို့ ကစားသွားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက်တော့ နှစ်သင်းစလုံးဟာ ပရိသတ် ၂ သောင်းခန့်အထိ ဝင်ရောက်ခွင့်ရမယ်လို့ သိရပါတယ်။ အင်တာမီလန်ကတော့ အသင်းရဲ့ဝန်ထမ်းတွေအတွက် လက်မှတ်ကို အခမဲ့ ပေးသွားမယ်လို့ သတင်းတွေကဆိုပါတယ်။