
ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာဖွယ်ရှိနေတဲ့ အန်ဆယ်လော့တီ
ကားလို့စ်အန်ဆယ်လော့တီက အခုနွေရာသီကာလအတွင်း ရီးရဲလ်မက်ဒရစ်မှထွက်ခွာကာ ဘရာဇီးလက်ရွေးစင်အသင်းနည်းပြရာထူးကို လက်ခံသွားဖွယ်ရှိပြီး သူ့ရဲ့နေရာမှာ ဇာဘီအလွန်ဆိုကို အစားထိုးသွားဖို့ အသင့်ရှိနေတယ်လို့ နောက်ဆုံးထွက်သတင်းတစ်ရပ်မှာ ဖော်ပြလာပါတယ်။
The Athletic သတင်းဌာနရဲ့အဆိုအရ အန်ဆယ်လော့တီက အခုနွေရာသီ၊ ရီးရဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဘရာဇီးလက်ရွေးစင်အသင်းနည်းပြရာထူးကို လက်ခံသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ သတင်းတွေမှာလည်း ဘရာဇီးဘောလုံးလောကတာဝန်ရှိသူတွေက အန်ဆယ်လော့တီနဲ့တွေ့ဆုံဖို့၊ လော့စ်ဘလန်ကိုတို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ကို စောင့်ကြည့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် မက်ဒရစ်မြို့ဆီ ကိုယ်စားလှယ်တစ်ဦးစေလွှတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါပေမယ့် ဒီအချက်ကို ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဘက်မှ ငြင်းဆန်သွားခဲ့ပါတယ်။ သို့သော် အပြောင်းအရွှေ့အတွက် နှစ်ဖက်အကြားဆွေးနွေးမှုတွေ ရှေ့ဆက်နေသလို အလွန်ဆိုကိုလည်း မက်ဒရစ်မြို့မှာ မြင်တွေ့ရနိုင်တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေလည်း ဆက်လက်ထွက်ပေါ်နေပါတယ်။ အလွန်ဆိုကတော့ ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးသူလို့ အရင်အချိန်တွေမှာကတည်းက ရေပန်းစားခဲ့ဖူးပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဘက်ကတော့ ဇွန်လ၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အခြေအနေတွေကို ရှင်းရှင်းလင်းလင်းဖြစ်သွားစေဖို့အတွက် စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
သူတို့တွေက ကိုပါဒယ်လ်ရေးဖလားဗိုလ်လုပွဲအပြီး အီတာလျံသားနည်းပြနဲ့ဆွေးနွေးသွားဖို့ စီစဉ်ထားပြီး အန်ဆယ်လော့တီထွက်ခွာသွားနိုင်မယ့် အလားအလားတွေ ပိုမိုများပြားလာပါတယ်။
၂၀၂၁ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် တကျော့ပြန်ခန့်အပ်ခံရပြီးနောက် အန်ဆယ်လော့တီက အသင်းသမိုင်းတလျှောက် အတောက်ပဆုံးကာလတစ်ခုကို ကြီးကြပ်ကိုင်တွယ်ခဲ့ရပါတယ်။ သူက ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို အခုဒုတိယသက်တမ်းကာလအတွင်း နှစ်ကြိမ်ရရှိခြင်းအပါအဝင် စုစုပေါင်းသုံးကြိမ်တိုင် ဆွတ်ခူးနိုင်ခဲ့သလို လာလီဂါချန်ပီယံဆု နှစ်ကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလား နှစ်ကြိမ်၊ စပိန်စူပါဖလား နှစ်ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်နဲ့ ဖီဖာအင်တာကွန်တီနန်တယ်ဖလား တစ်ကြိမ်တို့ကို ရရှိခဲ့ပါတယ်။
အလွန်ဆိုကိုယ်တိုင်လည်း ရီးရဲလ်မက်ဒရစ်နည်းပြသစ်အဖြစ် တာဝန်ယူမယ်ဆိုရင် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်နဲ့ ရင်ဆိုင်သွားရပါလိမ့်မယ်။ သူက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လေဗာကူဆင်ကို ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်လာအောင် ဦးဆောင်ပေးခဲ့ပေမယ့် ထွက်တော်မူနန်းမှခွာမယ့် အသက်-၆၅ နှစ်အရွယ်နည်းပြထက် အတွေ့အကြုံပိုင်းအားနည်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နေပါတယ်။