ဇိမ်ခံဟိုတယ်၊ သီးသန့်ဈေးဝယ်ထွက်ခြင်း၊ မက်ဆီပရိသတ်တွေရဲ့ခနဲ့မှုတွေကြား ဆော်ဒီရောက် ရော်နယ်ဒိုရဲ့ဘဝသစ်
ခရစ္စတီယာနိုရော်နယ်ဒိုတစ်ယောက် ဆော်ဒီမှာ လိုတရဖြစ်နေတယ်ဆိုပြီး ယူဆနေကြသူတွေအနေနဲ့ ပြီးခဲ့တဲ့အပတ် စူပါဖလား ဆီမီးဖိုင်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေကို တွေ့လိုက်ရရင် ထင်မြင်ချက်တွေကို ပြန်လည်စဉ်းစားသုံးသပ်ကြမယ်ထင်ပါတယ်။
အယ်လ်နာဆာအသင်း အယ်လ်အစ်တီဟက်ကို ၃-၁ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် ရော်နယ်ဒိုကို ပရိသတ်တွေက မက်ဆီ၊ မက်ဆီ၊ မက်ဆီဆိုပြီး အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် ဒုတိယမြောက်ပွဲချိန်ပြည့်အဖြစ် ကစားပေးရာမှာ ၂ပွဲစလုံး ဂိုးမရခဲ့ပါဘူး။ ဒါပေမယ့် ဒါက ရော်နယ်ဒို ရောက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတဲ့ အယ်လ်နာဆာအတွက်တော့ အသေးအမွှားလေးပဲ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို ခေါ်လိုက်တာက အယ်လ်နာဆာအသင်းအနေနဲ့ ကမ္ဘာ့ဘောလုံးလောကထဲတိုးဝင်ဖို့ ကြိုးစားနေပြီဆိုတာ အချက်ပြလိုက်ခြင်းတစ်ခုပါ။ ရော်နယ်ဒိုအတွက် ဆော်ဒီကလပ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေက တော်တော်လေး များပြားပါတယ်။ တစ်နှစ်လုပ်ခ ပေါင်၁၇၅သန်းဝန်းကျင်ဖြစ်ပြီး ဒါကလည်း ရော်နယ်ဒိုကို ကမ္ဘာမှာ လစာအများဆုံး ကစားသမား ဖြစ်လာစေပါတယ်။
အယ်လ်နာဆာနဲ့နီးစပ်သူတွေရဲ့အဆိုအရဆိုရင် ကလပ်က ရော်နယ်ဒိုရဲ့ လစာ၁၀ပုံတစ်ပုံကိုသာ ပေးချေရတာဖြစ်ပြီး ကျန်လစာတွေကို ဆော်ဒီနိုင်ငံက ပေးချေသွားမှာပါ။
ကလပ်နဲ့နီးစပ်သူတစ်ဦးက “သမိုင်းတစ်လျောက် ကမ္ဘာ့အကောင်းဆုံးကစားသမားအတွက် အားလုံးပုခုံးထမ်းပြီး တာဝန်ယူပေးကြတာပါ။ သူ့ကိုခေါ်ယူနိုင်ခဲ့တာက ဆော်ဒီဘုရင့်နိုင်ငံနဲ့ နယ်ပယ်တစ်ခုလုံးအတွက် သမိုင်းဝင်အခိုက်အတန့်တစ်ခုပါ”လို့ ပြောပါတယ်။
ဆော်ဒီဘောလုံးအဖွဲ့ချုပ်ကတော့ ဒီအချက်အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီဇင်ဘာ၃၀ရက်နေ့မှာ ကလပ်ကို တရားဝင်ရောက်လာတဲ့ ရော်နယ်ဒိုအပေါ် အယ်လ်နာဆာက ဘယ်သူကမှ အပြစ်တင်ဝေဖန်ခြင်းမရှိခဲ့ပါဘူး။
ရော်နယ်ဒိုဟာ အဝတ်လဲခန်းထဲ ပရိုဆန်တဲ့စိတ်ဓာတ်နဲ့ အကောင်းဘက်ရောက်တဲ့ လွှမ်းမိုးမှုတွေရှိတယ်လို့ ကလပ်တာဝန်ရှိသူတွေက ယူဆပါတယ်။ ဒါပေမယ့် သူ့ရဲ့အိမ်အသစ်ဖြစ်တဲ့ အယ်လ်နာဆာထံကနေ ရော်နယ်ဒိုတစ်ယောက် ဘာတွေမျှော်မှန်းနိုင်မလဲ?? ကစားသမားကောင်းတွေ ထပ်ရောက်လာဦးမလား??
အက်စ်ပန်ညိုနည်းပြဟောင်း ဗီဆန်တေးမိုရီနိုဟာ ဆော်ဒီထိပ်တန်းကလပ် အယ်လ်ရှဘက်ကို ဇူလိုင်လကနေ စတင်ကာ ကိုင်တွယ်နေပါတယ်။ အယ်လ်ရှဘက်အသင်းက အဆင့်၃နေရာမှာ ရပ်တည်နေပြီး မိုရီနိုက ဘောလုံးလောကအသစ်တစ်ခုကို ရောက်ရှိလာတဲ့ အတွေ့အကြုံနဲ့ အမှတ်တရတွေကို ပြောပြလာခဲ့ပါတယ်။ ဆော်ဒီမှာ အခက်ခဲဆုံးအရာက အပူချိန်ဆိုတာ ကျွန်တော်တို့မပြောလည်း ပရိသတ်တွေသိကြမှာပါ။
မိုရီနိုက “ရော်နယ်ဒို ဘယ်လိုအသားကျအောင်လုပ်မလဲဆိုတာ ကျွန်တော်သိချင်မိပါတယ်။ သူ နေ့လည်နေ့ခင်းတွေမှာ လေ့ကျင့်ရမှာပါ။ သြဂုတ်လမှာဆိုရင် အပူချိန်က ၅၀ဒီဂရီဖြစ်ပြီး မနက်ခင်းမှာ လေ့ကျင့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး” “ဒါက အရေးကြီးတဲ့ ပြောင်းလဲမှုကြီးကြီးမား မဟုတ်ပါဘူးဆိုပြီး ထင်ကောင်းထင်နိုင်တယ်။ ဒါပေမယ့် တစ်ဘဝလုံး ဒီလိုမျိုးလေ့ကျင့်ဖို့ ပြင်ထားရင်တော့ ညှိယူဖို့က တော်တော်ခက်မှာပါ”လို့ ပြောပါတယ်။
ပြင်းထန်တဲ့ အပူရှိန်ကြောင့် ဆော်ဒီကလပ်တွေဟာ တစ်နေ့ကိုမှ လေ့ကျင့်ခန်းတစ်ကြိမ်သာ ဆင်းနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် နည်းပြတွေဟာ ကစားသမားတွေကို ထိန်းချုပ်ရ မလွယ်ကူပါဘူးလို့ ဆော်ဒီ ယူ-၂၃အသင်းရဲ့ လက်ထောက်နည်းပြ ဆာဂျီယိုပီယာနက်စ်က ၂၀၂၁ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။
ပီယာနက်စ်က “နေ့လည်ခင်း ၃နာရီလောက် ဒါမှမဟုတ် ညနေပိုင်းလောက်မှာ လေ့ကျင့်ခန်းလုပ်ရတယ်။ ဒီလိုတွေဖြစ်နေတာက လေ့ကျင့်ခန်းဟန်ချက်ကို ထိခိုက်စေသလို လေ့ကျင့်ခန်းအပိုဆင်းခိုင်းဖို့လည်း အခွင့်အရေးအနည်းငယ်သာ ရှိပါတော့တယ်” “ကလပ်တွေက သူတို့ရဲ့ လေ့ကျင့်ခန်းအဆောက်အဦးတွေကို တိုးချဲ့ခဲ့ပြီး ပြိုင်ပွဲတွေမှာ ဖွဲ့စည်းမှုအားကောင်းစေဖို့ အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ချရပါတယ်။ ဒါပေမယ့် ကစားသမားတွေက အစဉ်အလာတွေနဲ့လည်း ဝေးကွာသလို ဒီလို လေ့ကျင့်ခန်းအကန့်အသတ်နဲ့ ဖြစ်နေတာကြောင့် အားထုတ်မှုတွေ၊ တိုးတက်မှုတွေလည်း အားနည်းသွားပါတယ်။ ပြီးတော့ အင်္ဂလိပ်လို မပြောတတ်တဲ့ ကစားသမားတွေအတွက် တစ်ဦးနဲ့တစ်ဦး စကားပြောဖို့ ခက်ခဲပြီး ဘာသာပြန်တွေက အလွန်အရေးပါလာပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီကဏ္ဍကတော့ တိုးတက်လာပါတယ်”လို့ ရှင်းပြပါတယ်။
လေ့ကျင့်ခန်းသုံးပစ္စည်းတွေဘက်မှာတော့ ဆော်ဒီမှာ စူပါကိုပါဖလားလာကစားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ အယ်လ်နာဆာရဲ့ လေ့ကျင့်ရေးကွင်းကို အသုံးပြုခဲ့ပြီး ပစ္စည်းတွေက ထိပ်တန်းအဆင့်ဆိုတာ နားလည်ခဲ့ကြပါတယ်။
ရော်နယ်ဒိုလည်း ရီးရဲလ်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို သွားရောက်လည်ပတ်ခဲ့ပြီး အသင်းဖော်ဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ကွင်းပြင်နေထိုင်မှုပိုင်းမှာတော့ ရီယက်ဒ်မြို့က ဂိတ်တွေနဲ့ ပြည့်နေပြီး နိုင်ငံခြားသားတွေများတဲ့နေရာမှာ ရော်နယ်ဒိုနေထိုင်နိုင်တယ်လို့ မိုရီနိုက ဆိုပါတယ်။
“အဲ့ဒီမှာ ဂိတ်တွေ၊ လုံခြုံရေးတွေနဲ့ မြို့ငယ်လေးတွေလိုမျိုး နေရာတွေ ရှိပါတယ်။ အဲ့ဒီမှာ နိုင်ငံခြားသားတွေနေကြပြီး အနောက်ပိုင်းပုံစံဘဝမျိုး ပိုဆန်ပါတယ်။ ရီယက်ဒ်က အလွန်ကြီးမားတဲ့မြို့ပါ။ မြို့ရဲ့ ပုံစံက ကျွန်တော်တို့ ဥရောပမှာ မြင်ရသလိုမဟုတ်ပဲ လမ်းတွေ၊ အကွာအဝေးတွေက ကွာခြားပါတယ်။ ဒီမြို့က မက်ဒရစ်မြို့ရဲ့ ၃ဆလောက်ကို ပိုကြီးပါတယ်”လို့ ပြောပါတယ်။
ပွဲမတိုင်ခင် အယ်လ်နာဆာကစားသမားတွေဟာ မြို့ရဲ့သီးသန့်နေရာတစ်ခုမှာ ကြယ်၅ပွင့်ဟိုတယ်မှာ တွေ့ဆုံကြပါတယ်။ ကလပ်ကို ရောက်ရောက်ချင်း အစောပိုင်းရက်သတ္တပတ်တွေမှာ ရော်နယ်ဒိုတစ်ယောက် ဇိမ်ခံဟိုတယ်တစ်ခုမှာ နေထိုင်နေပေမယ့် အယ်လ်နာဆာက မကြာခင် ကြီးမားတဲ့အိမ်ကြီးတစ်လုံးကို ပေးသွားဖို့ရှိနေပါတယ်။ နောက်ပြီး ရော်နယ်ဒို တစ်ဦးတည်း ဈေးဝယ်ထွက်လို့ရအောင် ရီယက်ဒ်ဈေးဝယ်စင်တာကြီးကိုလည်း ပိတ်ထားပေးခဲ့ပါတယ်။
ပီယာနက်စ်က “ဒီနေရာကို ရော်နယ်ဒိုရောက်လာတာကြောင့် သက်ရောက်မှုတွေကို ကြည့်လိုက်ပါ။ သူဒီမှာ အစောင့်အရှောက်တွေနဲ့ နေရမှာပါ”လို့ သုံးသပ်ခဲ့ပါတယ်။
ပွဲတွေကစားချိန်မှာလည်း ပွဲအတွင်း အဆင့်အတန်းတွေက ပရိသတ်တွေထင်ထာတက် ပိုမြင့်မားပါတယ်။ အယ်လ်နာဆာက ရော်နယ်ဒိုကို အထောင်တိုက်စစ်မှူးအဖြစ် မကြာခဏထားကစားသွားမှာပါ။ ရော်နယ်ဒိုရဲ့အသင်းသစ်ဟာ ၁၄ပွဲကစား ရမှတ်၃၃မှတ်နဲ့ ဇယားထိပ်မှာ ရပ်တည်နေကာ ပြိုင်ဘက် အယ်ဟီလယ်ကို ၁မှတ်ဖြတ်ထားပါတယ်။ သူတို့ရဲ့ ဒီနှစ်ရာသီ အဓိကပစ်မှတ်က ဆုဖလားရဖို့ဖြစ်ပါတယ်။
စစ်တမ်းတွေအရ အယ်လ်နာဆာအသင်းဟာ ချန်ပီယံရှစ်က လူတန်တောင်း၊ ဆန်းဒါးလန်းတို့နဲ့ အဆင့်တူအနေအထားဖြစ်ပြီး ဆော်ဒီပရိုလိဂ်ကလည်း ကမ္ဘာမှာ အဆင့်၅၈ရ လိဂ်ပြိုင်ပွဲတစ်ခုဖြစ်ကာ အင်္ဂလန် လိဂ်ဝမ်း၊ လိဂမ်တူးတို့နဲ့ ယှဉ်နိုင်တဲ့ လိဂ်တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် မိုရီနိုကတော့ “ဒီမှာ ကစားတဲ့အဆင့်က ကျွန်တော်တို့ထင်တာထက် ပိုမြင့်ပါတယ်။ ဒါကို ကလပ်နဲ့ မိတ်ဆက်ချိန်တုန်းကလည်း ရော်နယ်ဒို ပြောခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားတဲ့ အာဂျင်တီးနားကို အနိုင်ယူခဲ့တဲ့တစ်သင်းတည်းသော အသင်းက ဆော်ဒီဆိုတာကို ခင်ဗျားတို့ မမေ့သင့်ပါဘူး” “သူတို့ အုပ်စုတော့မတက်ခဲ့ပေမယ့် ပွဲတိုင်းကို အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပြီး ဘာလုပ်ပြနိုင်တယ်ဆိုတာ ပြသခဲ့ပါတယ်။ သူတို့ရဲ့အဆင့်က တော်တော်လေး မြင့်ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။
ပီယာနက်စ်ကတော့ အယ်လ်နာဆာနဲ့ အယ်လ်ဟီလယ်ကြား ပြိုင်ဆိုင်မှုက ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာလိုပါပဲလို့ သုံးသပ်ပြခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဆော်ဒီအသင်းရဲ့ ၂၆ဦးလူစာရင်းမှာ အဆိုပါနှစ်သင်းရဲ့ ကစားသမား ၁၈ဦးအထိ ပါဝင်နေခဲ့ပါတယ်။
ဆက်လက်ပြီး ပီယာနက်စ်က “၂သင်းစလုံးက ရီယက်ဒ်က ဖြစ်တယ်။ အယ်လ်ဟီလယ်က နိုင်ငံအသင်းမှာ ကစားသမား ပိုမိုပါဝင်သလို ပြီးခဲ့တဲ့နှစ် အာရှချန်ပီယံလိဂ်ဖလားကိုလည်း ရထားတာကြောင့် ကမ္ဘာ့ကလပ်ဖလားကိုလည်း ကစားရမှာဖြစ်လို့ အယ်လ်နာဆာထက် အနည်းငယ်ပိုသာပါတယ်”လို့ ဆိုပါတယ်။
အယ်လ်နာဆာရဲ့ အိမ်ကွင်းက ပရိသတ် ၂၅၀၀၀နီးပါးဆန့်ပြီး လက်ရှိမှာတော့ ပွဲတိုင်းကို ပရိသတ်ကွင်းလုံးပြည့်နီးပါး လာကြည့်ကြတာကို မြင်ရပါတယ်။ အယ်လ်နာဆာက ဘာလို့ ကစားသမားကောင်းတွေကို ပိုခေါ်တာလဲ? ယခုအပတ်တွေအတွင်း ရော်နယ်ဒိုရောက်လာတဲ့ အယ်လ်နာဆာအသင်းနဲ့ သတင်းထွက်ခဲ့တဲ့ ကစားသမားအများအပြားရှိခဲ့ပါတယ်။
ကျွန်တော်တို့ မြင်ခဲ့ရတဲ့ သတင်းတွေထဲမှာဆိုရင် အထင်ရှားဆုံးက ဟာဇက်၊ မိုဒရစ်၊ မာကိုရူးစ်တို့ပါ။ နည်းပြ ရူဒီဂါစီယာရဲ့ အကြိုက်ကို ပြောရမယ်ဆိုရင် လိုင်လီမှာတုန်းက လက်တွဲခဲ့တဲ့ အီဒင်ဟာဇက်ဖြစ်ပါတယ်။ ပရိသတ်အချို့ကတော့ အယ်လ်နာဆာဟာ ရော်နယ်ဒိုနဲ့အတူ စူပါစတားအသင်းကြီးတစ်သင်း တည်ထောင်မယ်လို့ တန်းပြီးတွေးလိုက်ကြပါတယ်။ ဒါပေမယ့် ကလပ်နဲ့နီးစပ်သူတွေကတော့ အယ်လ်နာဆာဟာ အရင်းအနှီးရှိပေမယ့် ကစားသမားကောင်းတွေ အကုန်ခေါ်ထားရလောက်အောင် အရူးတွေမဟုတ်ဘူးလို့ ပြောပါတယ်။
ရော်နယ်ဒို ရောက်ရှိလာမှုကတော့ ဆော်ဒီဘောလုံးလောကအတွက် ကြီးမားတဲ့ ဆွဲဆောင်မှုမျိုးဖြစ်ခဲ့ပြီးပါပြီ။ အယ်လ်နာဆာအတွက် ရော်နယ်ဒို ပထမဆုံးကစားပေးခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ခြေစမ်းပွဲကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ကြီးမားခဲ့ပြီးဖြစ်ပါတယ်။
အယ်လ်နာဆာရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကမှာ Followers အရေအတွက် အများအပြား တိုးလာခဲ့ပြီး အင်စတာဂရမ်မှာ ၁၂သန်း၊ တွစ်တာမှာ ၄.၅သန်း၊ Tiktokမှာ ၆သိန်းတို့ တိုးလာခဲ့ကြောင်း သိရပါတယ်။ တကယ်တမ်း ကွင်းတွင်းစွမ်းဆောင်ရည်မှာတော့ ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် တရားဝင်ပွဲတွေမှာ တစ်ဂိုးမှ မသွင်းပေးနိုင်သေးပါဘူး…….