နည်းပြသစ်လက်အောက်မှာ နေရာအသစ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်တဲ့ ရီစီဂျိမ်းစ်
Wrexham အသင်းနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ နည်းပြသစ် မာရက်စ်ကာရဲ့နေရာအသစ်မှာ ကစားခိုင်းခဲ့တာနဲ့ပတ်သက်ပြီး ရီစီဂျိမ်းစ်က သူ့အနေနဲ့ အများကြီးသင်ယူဖို့ လိုအပ်နေသေးတယ်လို့ ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးဟာ ရာသီသစ်မတိုင်ခင် ကယ်လီဖိုးနီးယားမှာ လိဂ်ဝမ်းအသင်းနဲ့ ခြေစမ်းပွဲ ကန်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဒဏ်ရာပြဿနာတွေကြောင့် အနားယူခဲ့ရတဲ့ ဂျိမ်းတစ်ယောက် အခုနည်းပြသ်စလက်အောက်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ပါဝင်လာဖို့ မျှော်လင့်နေပါတယ်။
အသက် ၂၄ နှစ်သား အသင်းခေါင်းဆောင်ဟာ ပထမပိုင်း ၄၅ မိနစ်ကို ဝင်ကစားခဲ့ပေမယ့် မတူညီတဲ့နေရာမှာ ကန်ခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ မူလတုန်းက ညာနောက်ခံလူအဖြစ် ကစားခဲ့ရပေမယ့် နည်းပြသစ် မာရက်စ်ကာ လက်အောက်မှာတော့ ကွင်းလယ်ပိုင်းထဲမှာ ပိုကစားရဖွယ်ရှိနေပါတယ်။
“အစောပိုင်းရက်တွေက ကျွန်တော် အရမ်းနှစ်သက်မိပါတယ်။ ကျွန်တော်မတူညီတဲ့ နေရာမှာ အသားကျအောင် လုပ်ဆောင်နေရတာပါ။ ကျွန်တော် အများကြီးသင်ယူဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော် စိတ်လှုပ်ရှားနေသလို ပွဲကစားဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ အသင်းအတွက် ပြန်ကစားခွင့်ရတာ တကယ်ကောင်းပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာပါ။ အခုတော့ အသင်းဆီကိုပြန်လာရ တကယ်ခံစားချက်ကောင်းပါတယ်။ ကျွန်တော် ဒီအသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်လာဖို့ အမြဲတမ်း စိတ်ကူးယဉ်ခဲ့တာပါ။ အခုတော့ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ အသင်းအတွက် အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင်ပြီးကစားဖို့ဆိုတာ ငယ်ငယ်လေးကတည်းက အိပ်မက်မက်ခဲ့တာပါ။ ကျွန်တော်ပွဲပေါ်မူတည်ပြီး တည်ဆောက်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ တစ်ဆင့်ချင်းအချိန်ယူပြီး လေ့ကျင့်ခန်းတစ်ခုချင်းစီကနေ ရာသီသစ်မတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဂျိမ်းစ်က ပြောကြားခဲ့ပါတယ်။
မာရက်စ်ဟာ လက်စတာအသင်းမှာတုန်းက နည်းစနစ်အတိုင်း Wrexham နဲ့ပွဲမှာ အသုံးချခဲ့ပါတယ်။ “အခုလက်ရှိအခိုက်အတန့်မှာ ကျွန်တော် ၃ ယောက် နဲ့ ၂ ယောက်တန်းတည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ပထမပိုင်းမှာ ဂျိမ်းစ်ကို အတွင်းထဲထည့်ပြီး ဒုတိယပိုင်းမှာ မာလိုကို အတွင်းဝင်ခိုင်းခဲ့ပါတယ်။ ပြိုင်ဘက်အဆင့်အတန်းက ပြဿနာမဟုတ်ပါဘူး။ သူတို့ ကစားသမား ၁၁ ယောက်နဲ့နောက်တန်းမှာ အထိုင်ကျရင် နေရာလွတ်ရှာဖို့ခက်နိုင်ပါတယ်။ အဲ့အချိန်မှာ အဖြေရှာဖို့ဆိုတာ မလွယ်ပါဘူး။ ကျွန်တော်တို့ ပထမပိုင်းကော ဒုတိယပိုင်းကော ကြိုးစားခဲ့ပါတယ်။ သေချာတာက ကျွန်တော်တို့ အများကြီး တိုးတက်လာခဲ့ပါတယ်။ ၂ ပတ်အတွင်းမှာတင် တော်တော်လေးတိုးတက်လာခဲ့တာပါ။ ဒီနေ့ညမှာ ကျွန်တော်တို့ တကယ့်အသင်းအစစ်အမှန်ကို ပြသနိုင်ခဲ့ပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။