
အာဆင်နယ်ကိုအရေးနိမ့်ပြီးနောက် ဗီဒီယိုအသစ်ကြောင့် ကြီးမားတဲ့ပြစ်ဒဏ်ချမှတ်ခံရနိုင်တဲ့ ရီးရဲလ်စတား
အာဆင်နယ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာလုပ်ခဲ့တဲ့အပြုအမူကြောင့် ရီးရဲလ်စတားတစ်ဦးအနေနဲ့ ကြီးမားတဲ့ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဟာ ရီးရဲလ်အသင်းကို ဒုတိယအကျော့မှာ ၂-၁ နဲ့ထပ်မံအနိုင်ကန်ပြီး ၂ ကျော့ပေါင်းရလဒ် ၅-၁ နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ အာဆင်နယ်ဟာ တစ်ဖက်က ပီအက်စ်ဂျီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မက်ဒရစ်အနေနဲ့ ချန်ပီယံလိဂ်ပွဲမရှိတော့ပေမယ့် စတားတစ်ဦးကတော့ ပြစ်ဒဏ်ခံရဖွယ်ရှိနေပါတယ်။
ဗုဒ္ဓဟူးနေ့ညနေခင်းတုန်းက မက်ဒရစ်အသင်းခေါင်းဆောင် ကာဗာဂျယ်တစ်ယောက် ဆာကာ နဲ့ ဥမင်ထဲမဝင်ခင် အချင်းများခဲ့တာဖြစ်ပါတယ်။ ကာဗာဂျယ်ဟာ အဲ့နေ့ညတုန်းက မပါဝင်ခဲ့ပေမယ့် စည်းပြင်မှာရပ်နေပြီး ဥမင်ထဲမဝင်ခင်မှာ ဆာကာနဲ့ အချင်းများခဲ့တာဖြစ်ပါတယ်။
ကနဦးတုန်းက ကာဗာဂျယ် နဲ့ ဆာကာတို့ စကားချင်းသာ အချင်းများခဲ့ပေမယ့် နောက်ပိုင်းမှာ ရီးရဲလ်စတားက လက်ပါလာခဲ့တာကြောင့် လုံခြုံရေးတွေအပြင် အသင်းဖော်တွေပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
သတင်းတော်တော်များများကတော့ ကာဗာဂျယ်ရဲ့လုပ်ရပ်ကြောင့် ၄ ပွဲလောက်ပယ်ခံရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ “ကာဗာဂျယ်ရဲ့အပြုအမူကို ယူအီးအက်ဖ်အေရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ တကယ်လို့ သူ့အနေနဲ့ လူစာရင်းထဲပါဝင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ရီးရဲလ်အသင်းရဲ့နည်းစနစ်စည်းထဲမှာရှိနေရမှာမဟုတ်တာဖြစ်ပါတယ်။
အခုတော့ သူ့လုပ်ရပ်ကြောင့် ယူအီးအက်ဖ်အေရဲ့စည်းမျည်း ၁၅ အရ ၄ ပွဲလောက်ပယ်ခံရနိုင်ပါတယ်”လို့ မာကာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ကာဗာဂျယ်ဟာ အရွတ်ကြောဒဏ်ရာကြောင့် အောက်တိုဘာ ၅ ရက်နေ့နောက်ပိုင်းကတည်းက နားနေရတာဖြစ်ပြီး ရာသီမကုန်ခင်အထိ ပြန်လာနိုင်ဖွယ်မရှိတာဖြစ်ပါတယ်။