
ဘာစီလိုနာကိုအနိုင်ယူဖို့ မျှော်လင့်ထားကြောင်း အခိုင်အမာပြောကြားလာတဲ့ ကော်တိုရစ်
ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တိုရစ်က သူ့အနေနဲ့ လာမယ့်တနင်္ဂနွေနေ့ ဘာစီလိုနာနဲ့ယှဉ်ပြိုင်သွားရမယ့် အယ်လ်ကလက်စီကိုပွဲစဉ်မှာ အသင်းအတွက်နိုင်ပွဲဖော်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်ကို ၁-၀ နဲ့အနိုင်ရခဲ့ပြီး ဘာစီလိုနာနဲ့ပွဲစဉ်အတွက် စိတ်ဓာတ်ခွန်အားတွေရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ရီးရဲလ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်က ဒုတိယပိုင်းပွဲကစားချိန် ၅၇ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အမှတ်ပေးဇယား ဒုတိယနေရာက ဘာစီလိုနာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရခဲ့ပါက လာလီဂါအမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်မှာဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့ရင်တော့ ဒုတိယနေရာကို ဆင်းပေးရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာနဲ့ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ၄ ပွဲစလုံးအရေးနိမ့်ခဲ့တာကြောင့် ဒီရာသီမှာတော့ အနိုင်ရဖို့မျှော်လင့်ထားကြောင်း ကော်တိုရစ်က ပြောကြားလာခဲ့ပါတယ်။
ဘယ်လ်ဂျီယံဂိုးသမားက "အယ်လ်ကလက်စီကိုက အရမ်းကောင်းတဲ့ပွဲစဉ်ဖြစ်လာမှာပါ။ အရမ်းလည်း အရေးကြီးတဲ့ပွဲပါ။ ကျွန်တော်တို့ အနိုင်ရဖို့မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ ပြိုင်ဘက်အသင်းကိုလည်း လေးစားပါတယ်။ ဒါပေမယ့် အနိုင်ရဖို့အတွက်အစွမ်းကုန်ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အနေနဲ့ ဘာစီလိုနာကိုအနိုင်ရခဲ့တာဟာ ၁ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီတစ်ခေါက် အယ်လ်ကလက်စီကိုမှာတော့ ဆန်တီယာဂိုဘာနေဗျူးကွင်းကြီးထဲမှာ အနိုင်ရလဒ်ကိုဖော်ဆောင်ပြီး အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်သွားနိုင်မလား တနင်္ဂနွေနေ့မှာ စောင့်ကြည့်သွားရပါမယ်။