
အန်ဆယ်လော့တီနေရာမှာ အလွန်ဆိုနဲ့အစားထိုးကြောင်း ရီးရဲလ်အသင်း ကြေညာ
ရီးရဲလ်အသင်းကတော့ နည်းပြသစ်အဖြစ် အန်ဆယ်လော့တီနေရာမှာ အလွန်ဆိုနဲ့အစားထိုးကြောင်း ကြေညာလိုက်ပါတယ်။ အလွန်ဆိုဟာ ၂၀၀၉ ကနေ ၂၀၁၄ အထိ ရီးရဲလ်အသင်းမှာ ကစားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဘိုင်ယန်ကိုကျော်ဖြတ်ကာ လေဗာကူဆင်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။
အန်ဆယ်လော့တီကတော့ အခုရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ပြီးနောက် ဘရာဇီးအသင်းထံပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ “ဇာဗီအလွန်ဆိုကို ၂၀၂၈ ဇွန်လ ၃၀ ရက်နေ့အထိ ခန့်အပ်ခဲ့ပါပြီ။ သူက ရီးရဲလ်အသင်းရဲ့ဂန္ထဝင်တွေထဲကတစ်ဦးပါ။ အခုတော့ အသင်းဟောင်းထံ ပြန်လာခဲ့ပါပြီ။ ပြီးတော့ သူက ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲကတစ်ယောက်ပါ။
လေဗာကူဆင်မှာလည်း အဲ့တာကို သက်သေပြထားပြီးပါပြီ”လို့ ရီးရဲလ်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ အလွန်ဆိုဟာ အလုပ်မစတင်ခင် တနင်္လာနေ့မှာ မက်ဒရစ်ပွဲကို တက်ရောက်နိုင်ချေရှိနေပါတယ်။ စပိန်သားအတွက်တော့ ရီးရဲလ်အသင်းမှာ ဘယ်လင်ဟမ် ၊ ဘာပေ နဲ့ ဗင်နီတို့လိုကစားသမားတွေအပြင် အာနိုးလ်ပါ ထပ်ရောက်လာမှာဖြစ်တာကြောင့် စမ်းသပ်ချက်တစ်ခုဖြစ်လာဖွယ်ရှိနေပါတယ်။
အလွန်ဆိုဟာ ရီးရဲလ်အသင်းရဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင်ကိုင်တွယ်မှာဖြစ်ပြီး လာမယ့်ဇွန်လ ၁၈ ရက်နေ့မှာ ရီးရဲလ်ဟာ အယ်လ်-ဟီလယ်အသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။