နာမည်ကြီးကစားသမားဖြစ်ရုံနဲ့ ပေါ်တူဂီအသင်းအတွက် မရွေးချယ်ကြောင်း ရှင်းပြလာတဲ့ မာတီနက်ဇ်
ပေါ်တူဂီနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က နာမည်ကြီးကစားသမားဖြစ်ရုံနဲ့ သူ့ရဲ့အသင်းမှာ မရွေးချယ်ကြောင်းနဲ့ ရော်နယ်ဒိုဟာ အသင်းအတွက် ထိုက်တန်တဲ့ ကစားသမားဖြစ်တာကြောင့် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ရှင်းပြပြောဆိုလာခဲ့ပါတယ်။
အယ်လ်နာဆာကြယ်ပွင့် ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ကလပ်အသင်းအတွက် ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် မာတီနက်ဇ်က အသက်-၃၉ နှစ်အရွယ်ကစားသမားဟာ ခြေစွမ်းထက်မြက်နေဆဲဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်အကုန်မှာ ဥရောပကနေထွက်ခွာလာခဲ့ပြီး ဆော်ဒီပရိုလိဂ်သို့စတင်ပြောင်းရွှေ့ခဲ့တာကြောင့် သွင်းဂိုးတွေ လွယ်လွယ်ကူကူရနေတယ်လို့ ဝေဖန်ခံခဲ့ရသော်လည်း ယခု ၂၀၂၄ ယူရိုခြေစစ်ပွဲမှာ ဘောလွန်းဒီအော် ၅ ဆုရှင်ဟာ ဒုတိယဂိုးသွင်းအများဆုံး ကစားသမားဖြစ်နေပါတယ်။
ယခုအခါမှာ မာတီနက်ဇ်က “ရော်နယ်ဒိုက အသင်းအတွက်အရေးပါတဲ့ ကစားသမားပါ။ လက်ရွေးစင်အသင်းထဲကို ဘယ်ကစားသမားကမှ နာမည်လေးတစ်လုံးကိုအသုံးချပြီး ဝင်ရောက်လို့မရပါဘူး။ သူက ကလပ်အသင်းအတွက် ၅၁ ပွဲကစား ဂိုး ၅၀ သွင်းယူထားပြီး ပေါ်တူဂီအတွက် ခြေစစ်ပွဲအဆင့်မှာ ၁၀ ဂိုးအထိ သွင်းယူပေးခဲ့တာပါ။ သူက ဂိုးသွင်းစက်ဖြစ်ပြီး ကျွန်တော်တို့အတွက် အကူအညီတွေအများကြီးပေးနေပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူ့ရဲ့ကစားပုံက မသိမသာပြောင်းလဲလာခဲ့ပေမယ့် သူက လက်ရွေးစင်အသင်းအတွက်ဆိုရင် ဘာမဆိုလုပ်မယ့်ကစားသမားမျိုးပါ”လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီနည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ်နဲ့ ဆက်ဆံရေး ပျက်ယွင်းခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ အရန်ခုံထိုင်ခဲ့ရတာဖြစ်သော်လည်း ဒီနှစ်ယူရိုပြိုင်ပွဲမှာတော့ နည်းပြရဲ့ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာသွားမှာဖြစ်ကြောင်း ကတိပြုထားပါတယ်။ ဗုဒ္ဓဟူးနေ့မနက်မှာတော့ ပေါ်တူဂီဟာ ယူရိုအုပ်စုအဆင့်ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် ချက်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မာတီနက်ဇ်အနေနဲ့ ရော်နယ်ဒိုကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားမလား အရန်ခုံမှာပဲထားသွားမလား စောင့်ကြည့်ရပါမယ်။