ငယ်ချစ်ဟောင်းလေးနဲ့ ပြန်ဆက်နေပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်
ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အသည်းနှလုံးတွေ ကြေမွပျက်စီးခဲ့ရတဲ့ ၈လကြာအသည်းကွဲကာလကို အဆုံးသတ်ကာ ယခုတော့ ငယ်ချစ်လေးနဲ့ ပြန်လည်လက်တွဲနေပြီဖြစ်ပါတယ်။ အသက် ၂၄ နှစ်ကိုယ်စီရှိနေပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ လူစီယာလွိုင်းတို့ဟာ ခရစ္စမတ်ကာလမတိုင်ခင်လေးမှာ ပြန်လည်လက်တွဲခဲ့တာဖြစ်ပါတယ်။
တက္ကသိုလ်ကနေ ဘွဲ့ရထားပြီးဖြစ်တဲ့ လူစီယာဟာ ဇန်နဝါရီလ ၃ ရက်နေ့က ဝုဗ်အသင်းကို ယူနိုက်တက်အသင်း ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ရက်ရှ်ဖို့ဒ်ရဲ့ကားနဲ့အတူ ပါသွားခဲ့တာကို တွေ့မြင်ခဲ့ရပြီး သူ့ရဲ့အင်စတာဂရမ်မှာ တက်တူးထိုးထားတဲ့ အမျိုးသားတစ်ယောက်ရဲ့လက်က သူ့ခြေထောက် ကိုင်နေတဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့ပါတယ်။
''ဒီလိုပြန်လက်တွဲဖို့က သူတို့နှစ်ယောက်စလုံး အမြဲဖြစ်ချင်နေတဲ့အရာပါ။ ကြားထဲမှာ အဆက်ပြတ်သွားတာကလည်း သူတို့နှစ်ယောက်အတွက် ကောင်းပါတယ်။ အဲဒီကာလအတွင်း သူတို့အလုပ်တွေ ပိုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ ကျောင်းမှာကတည်းက တွဲခဲ့တာဖြစ်ပါတယ်''လို့ သူတို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
နောက်တစ်ဦးကလည်း ''သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မျှဝေလာခဲ့ကြတာပါ။ ကောင်မလေးက ရက်ရှ်ဖို့ဒ်အကြောင်း အားလုံးသိသူတစ်ယောက်ပါ။ သူတို့ဟာ ခရစ္စမတ်ကာလမတိုင်ခင် ပြန်လက်တွဲခဲ့တာဖြစ်ပြီး ဆက်ဆံရေး မြန်မြန်ဆန်ဆန်ပြန်မကောင်းသေးပေမယ့် တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ရက်ရှ်ဖို့ဒ်ကလည်း သူ့ကောင်မလေး သစ္စာရှိတယ်ဆိုတာ သိနားလည်ပြီး ယုံကြည်မှုလည်း အပြည့်ရှိပါတယ်''လို့ ပြောပါတယ်။
သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့မေလက လမ်းခွဲခဲ့တာဖြစ်ပြီး ကိုဗစ်ပြဿနာတွေကြောင့် အဆင်မပြေဖြစ်ကာ လူစီယာက ရက်ရှ်ဖို့ဒ်ရဲ့နေအိမ်ကနေ ထွက်ခွာသွားခဲ့တာဖြစ်ကြောင်း The Sun သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ချစ်သူတွေအဖြစ် ၈ နှစ်ကြာ လက်တွဲခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကလည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှု၊ ချစ်ခင်ကြင်နာမှု ရှိခဲ့တယ်လို့ အတွင်းသိတွေက ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ကိုဗစ်ကပ်ဘေးကာလအတွင်း အစိုးရစာသင်ကျောင်းတွေမှာ ကလေးတွေ အစားအစာ အခမဲ့ရရှိရေးအတွက် ဦးဆောင်ကြိုးစားခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်က MBE ဘွဲ့ ချီးမြှင့်ခံခဲ့ရပြီး သူ့ရဲ့လှုပ်ရှားမှုကြောင့် အစိုးရက စာသင်ကျောင်းတွေမှာ ကလေးပေါင်း ၁.၃သန်းကို အစားအစာ အခမဲ့ထောက်ပံ့ပေးခဲ့ပါတယ်။