The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးမြှင့်နိုင်ဖို့ အလွန်နီးစပ်လာတဲ့ ရာဖင်ဟာ

ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ဟာတစ်ယောက် အသင်းနဲ့အတူ ၂၀၂၉ ခုနှစ်အထိ စာချုပ်သစ် တိုးမြှင့်ချုပ်ဆိုဖို့ အလွန်နီးစပ်လာကြောင်း စပိန်သတင်းဌာတွေက ဖော်ပြလာခဲ့ပါတယ်။ 

Mundo Deportivo ရဲ့အဆိုအရ အသင်းနဲ့ ကစားသမားအကြား ဆွေးနွေးမှုတွေဟာ အတော်လေးခရီးရောက်နေပြီး လက်မှတ်ရေးထိုးဖို့အတွက် ညှိနှိုင်းမှုအနည်းသာကျန်ရှိတော့တယ်လို့ သိရပါတယ်။ စာချုပ်ဖျက်သိမ်းကြေးအတွက် ဆွေးနွေးရာမှာတော့ ရာဖင်ဟာအနေနဲ့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်တာတွေကျန်ရှိနေသေးပေမယ့် ကြီးမားတဲ့ ပြဿနာမဟုတ်ဘူးလို့ဆိုပါတယ်။ 

ယခုချုပ်ဆိုသွားမယ့် စာချုပ်သစ်အရ ဘရာဇီးလက်ရွေးစင်ဟာ ဘာစီလိုနာရဲ့ လစာအများဆုံးကစားသမားစာရင်းမှာ ပါဝင်လာဖို့ရှိနေပါတယ်။ ရာဖင်ဟာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးခဲ့ပေမယ့် ယခုရာသီမှာတော့ အလွန်အမင်းတိုးတက်လာခဲ့တာကြောင့် ဘာစီလိုနာအနေနဲ့ အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ယခုနှစ် ၂၀၂၄-၂၅ ရာသီမှာ ကစားသမားဟာ ဘာစီလိုနာအတွက် အလွန်အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ပြီး ချန်ပီယံလိဂ် ၁၄ ပွဲကစားရာမှာ ၁၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘရာဇီးသားဟာ လာလီဂါမှာလည်း အလားတူ ထက်မြက်တဲ့ခြေစွမ်းကို ပြသနေပြီး ၃၃ ပွဲကစားထားရာမှာ ၁၈ ဂိုးသွင်း၊ ၉ ဂိုးဖန်တီးထားပါတယ်။