The network connection is lost.

Banner Image

ကာဒစ်ဖ်အသင်းရဲ့ ကစားသမား-နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ အာရွန်ရမ်ဆေး

အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း အာရွန်ရမ်ဆေးကို ချန်ပီယံရှစ်ကလပ် ကာဒစ်ဖ်အသင်းရဲ့ ယာယီကစားသမား-နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။  နည်းပြ အိုမာရီဇာကို ထုတ်ပယ်ခဲ့ပြီးနောက် ရမ်ဆေးက တာဝန်ယူလိုက်တာဖြစ်ပါတယ်။ 

ဝေးလ်အခြေစိုက်အသင်းဟာ အင်္ဂလန်ဘောလုံးရဲ့ ဒုတိယတန်းကနေ တန်းဆင်းရမယ့်အန္တရာယ်ရှိနေတာကြောင့် ရမ်ဆေးအတွက်တော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာပါ။ ကာဒစ်ဖ်အသင်းက အိုမာရီဇာကို တာဝန်မှရပ်စဲလိုက်ပြီဖြစ်ကြောင်း သောကြာနေ့က အတည်ပြုခဲ့ပါတယ်။  ဒီဆုံးဖြတ်ချက်ဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့ အောက်ခြေကနေ ဒုတိယနေရာမှာရှိနေပြီး ရာသီကုန်ဖို့ ၃ ပွဲသာကျန်ရှိတာကြောင့် လိဂ်-၁ ကို တန်းဆင်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ ဖြစ်ပေါ်ခဲ့တာပါ။

မွေးရပ်အသင်းဖြစ်တဲ့ ကာဒစ်ဖ်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အာရွန်ရမ်ဆေးဟာ လက်ရှိအချိန်မှာ အရေးကြီးတဲ့ပွဲစဉ်တွေအတွက် နည်းပြတာဝန်ကို ယူရတော့မှာပါ။
ကာဒစ်ဖ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ "ကာဒစ်ဖ်အက်ဖ်စီက အိုမာရီဇာရဲ့ အသင်းနည်းပြတာဝန်ကို ရပ်စဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုပါတယ်။ အာရွန်ရမ်ဆေးက ချန်ပီယံရှစ် နောက်ဆုံး ၃ ပွဲမှာ အသင်းကို ဦးဆောင်သွားမှာဖြစ်ပြီး တနင်္လာနေ့မှာ အောက်စ်ဖို့ယူနိုက်တက်အသင်းနဲ့ အိမ်ကွင်းကစားမယ့်ပွဲကစတင်မှာဖြစ်ပါတယ်။ 

ခရစ်ဂန်တာ၊ ဂျိုးရိုးလ်စ်၊ တွမ်ဟတ်တန်နဲ့ မက်သရူးဘလော့ဟမ်တို့က နည်းစနစ်ပိုင်းမှာ အာရွန်နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကာဒစ်ဖ်စီးတီးရဲ့ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အိုမာရဲ့ စိတ်အားထက်သန်မှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် ကျေးဇူးတင်ရှိပြီး နောက်ထပ်ခြေလှမ်းတွေအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်" လို့ ဖော်ပြထားပါတယ်။ ရမ်ဆေးရဲ့ ပထမဆုံးတာဝန်ယူရမယ့်ပွဲကတော့ အီစတာနေ့တနင်္လာနေ့မှာ ကစားမယ့် အောက်စ်ဖို့ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲစဉ်ဖြစ်ပြီး အရေးကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်။