The network connection is lost.

Banner Image

ပီအက်စ်ဂျီ (သို့မဟုတ်) လီဗာပူးအသင်း ဗိုလ်လုပွဲတက်ရောက်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လာတဲ့ လူးဝစ်အင်းနရစ်

လီဗာပူးနဲ့ရင်ဆိုင်ရမယ့် အန်းဖီးလ်ကွင်းပွဲစဉ်မှာ အဆုံးသတ်အောင်ပွဲဆွတ်ခူးနိုင်မယ့်အသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်လိမ့်မယ်လို့ ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ် ယုံကြည်နေပါတယ်။ ပါရီမြေမှာကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်အတွင်း ပီအက်စ်ဂျီက ပြိုင်ဘက်ကို အလုံးစုံလွှမ်းမိုးထားနိုင်ခဲ့ပေမယ့် ဝ-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာနည်းပြဟောင်းက အင်္ဂါည၊ ဒုတိယအကျော့ပွဲစဉ်မှာ အရာရာတိုင်းကို အပြောင်းအလဲပြုလုပ်သွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

လူးဝစ်အင်းနရစ်က “အရေးအကြီးဆုံးပွဲစဉ်ဆိုတာ နောက်လာမယ့်ပွဲစဉ်ပါပဲ။ ဒီအရေးအကြီးဆုံးပွဲစဉ်ကပဲ ဘောလုံးရာသီရဲ့နောက်ဆုံးပွဲစဉ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ပထမအကျော့ရလဒ်ပိုင်းအရ ကျွန်တော်တို့အသင်း နောက်မှလိုက်ကစားရမယ်ဆိုရင်တောင် ပွဲချိန်အစအဆုံး ကိုယ့်ပုံစံအတိုင်းပဲ ကစားသွားရပါလိမ့်မယ်။ ပါရီမြေရလဒ်ပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့အတွက် လုပ်စရာ ဘာမှမရှိပါဘူး။

အခုအချိန်မှာ ကျွန်တော်တို့အတွက် တစ်ခုတည်းသောရွေးချယ်စရာက ပြိုင်ဘက်ကို အနိုင်ရရှိအောင် စွမ်းဆောင်သွားဖို့ပါပဲ။ ဒါကပဲ ကျွန်တော်တို့ကို မောင်းနှင်ပေးနေပါတယ်။ အန်းစလော့ကိုယ်တိုင်လည်း ကျွန်တော်တို့ရဲ့ပွဲထွက်လူစာရင်းနဲ့ပတ်သက်လို့ သံသယတွေ အများကြီးရှိနေလိမ့်မယ်လို့ မထင်ပါဘူး။ဒီလိုပဲ သူ့ရဲ့ပွဲထွက်လူစာရင်းပိုင်းနဲ့ပတ်သက်လို့ ကျွန်တော့်မှာ ကိုယ်ပိုင်အကြံအစည်တွေ ရှိထားပြီးပါပြီ။

ဘယ်သူကစားရမလဲ၊ ဘယ်လိုကစားရမလဲဆိုတာ ကျွန်တော် မပြောနိုင်ပေမယ့် ဒီပွဲစဉ်နှစ်ခုလုံးမှာ ဥရောပရဲ့အကောင်းဆုံးကလပ်အသင်းနှစ်ခု၊ ဗိုလ်လုပွဲရောက်ရှိနိုင်ဖို့အတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ကလပ်အသင်းနှစ်ခုကို ကျွန်တော်တို့ မြင်တွေ့ရပါလိမ့်မယ်။ ဒီကလပ်အသင်းနှစ်ခုအနက် ဘယ်အသင်းဖြစ်ဖြစ် ဗိုလ်လုပွဲဆီ တက်ရောက်သွားနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ဒါ့အပြင်း အင်းနရစ်က အသင်းအနေဖြင့် သမိုင်းဝင်ဘောလုံးကွင်းကြီးထဲမှာ ဖိအားတွေကို အကောင်းဆုံးကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ သူက “ကျွန်တော့်ရဲ့ကစားသမားတွေအကုန်လုံး ဒီပွဲစဉ်ကို ကစားချင်ကြလိမ့်မယ်လို့ အပြည့်အဝယုံကြည်ထားပါတယ်။ သမိုင်းဝင်ဘောလုံးကွင်းတစ်ခုနဲ့ အံ့သြလောက်စရာသမိုင်းကြောင်းတွေ ပြည့်နှက်နေတဲ့ လီဗာပူးအသင်းက ဘာလဲဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ ဒါက ကစားသမားတွေရဲ့စိတ်အားတက်ကြွမှုအတွက် ပင်မအရင်းအမြစ်ကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို အကောင်းဆုံးပြသသွားချင်ပါတယ်။

လူသားတစ်ဦးရဲ့စိတ်ခံစားချက်နဲ့ ခံစားမှုတွေကို စီမံခန့်ခွဲဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒီအတွက် ပြင်ဆင်ဖို့ မလွယ်ကူသလို ရာနှုန်းပြည့်ဖြစ်နေဖို့ဆိုတာလည်း မလွယ်ကူပါဘူး။ ဒါကြောင့် ဖြစ်နိုင်သမျှအကောင်းဆုံးနည်းလမ်းနဲ့ပဲ ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို စီမံခန့်ခွဲသွားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။