
မြို့လယ်ခေါင်ရန်ပွဲမှာ သေနတ်ဖြင့် ပစ်သတ်ခံရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့ ပရီးမီးယားလိဂ်ကလပ်ကပ္ပတိန်
နယူးကာဆယ်အသင်းခေါင်းဆောင် လက်စ်ဆဲလက်စ်ဟာ မြို့လယ်ခေါင်ရန်ပွဲတစ်ခုအတွင်း လူအုပ်စုတစ်ခုရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
Daily Mail သတင်းဌာနရဲ့အဆိုအရ သြဂုတ် ၂၀ ရက်(တနင်္ဂနွေနေ့) အစောပိုင်းမှာပဲ နယူးကာဆယ် မြို့လယ်ခေါင်ရန်ပွဲတစ်ခုအကြောင်း နော့သမ်ဘရီယာရဲတပ်ဖွဲ့ဆီ သတင်းပေးပို့မှုတစ်ခု ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ ဒီရန်ပွဲအတွင်းမှာ အသက်-၁၉ နှစ်အရွယ် ညီဖြစ်သူအပါအဝင် သူငယ်ချင်းတစ်ဦးနဲ့အတူ Night out ထွက်လာတဲ့ လက်စ်ဆဲလက်စ်ကို လူတစ်စုက သေနတ်ဖြင့် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။
နယူးကာဆယ်နည်းပြဟိုဝီက မန်စီးတီးကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး သူ့ရဲ့အသင်းသားတွေကို အားလပ်ရက်အနည်းငယ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီသတင်းမှာပဲ အင်္ဂလန်ကစားသမားရဲ့ညီဖြစ်သူကို နိုက်ကလပ်မှထွက်ခွာလာတဲ့ လူတစ်စုက အကြောင်းမဲ့တိုက်ခိုက်ရာမှတဆင့် အခုလိုပြင်းထန်တဲ့ရန်ပွဲတစ်ခု ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုရန်ပွဲအတွင်း နယူးကာဆယ်အသင်းခေါင်းဆောင်ဆီ ဗော့ကာပုလင်းတစ်လုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ပြီး ကစားသမားရဲ့ဦးခေါင်းနဲ့ သီသီလေးလွဲချော်သွားခဲ့တယ်လို့ သိရပါတယ်။ လူရှစ်ဦးခန့်ပါဝင်တဲ့ အုပ်စုက လက်စ်ဆဲလက်စ်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်စ်ဆဲလက်စ်က ရန်ပြုတိုက်ခိုက်သူအမျိုးသားတစ်ဦးကို မြေကြီးပေါ် ဆွဲလှဲပစ်နိုင်ခဲ့ပေမယ့် သူရဲ့ညီဖြစ်သူမှာ ထိုးသတ်ခံရမှုကြောင့် သွေးထွက်သွားခဲ့သလို သူငယ်ချင်းဖြစ်သူမှာလည်း သတိမေ့သွားသည်အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီဖြစ်စဉ်အတွင်း အသက်-၂၉ နှစ်အရွယ် အင်္ဂလန်ယူ-၂၁ လက်ရွေးစင် ကစားသမားဟောင်းကို သေနတ်ဖြင့် ပစ်သတ်မယ်လို့ တိုက်ခိုက်သူတွေက ခြိမ်းခြောက်ခဲ့ပြန်ပါတယ်။
လက်စ်ဆဲလက်စ်ကတော့ အခင်းဖြစ်ပွားမှုတစ်ခုလုံးမှာ မိမိကိုယ်ကို ခုခံကာကွယ်ဖို့ လုပ်ဆောင်ခဲ့တယ်လို့ Daily Mail ရဲ့ သတင်းမှာ ဆက်လက်ဖော်ပြခဲ့ပါတယ်။ လက်စ်ဆဲလက်စ်ရဲ့သူငယ်ချင်းကို ဆေးရုံပို့ဖို့ အရေးပေါ်လူနာတင်ယာဉ်မရောက်လာခင်မှာပဲ တိုက်ခိုက်ခဲ့သူတွေ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
Daily Mail သတင်းထောက် ခရိတ်ဟုတ်ကလည်း အခုရန်ပွဲအတွင်း နယူးကာဆယ်ကပ္ပတိန်လည်း ပါဝင်ခဲ့တယ်လို့ နောက်ပိုင်းမှာ အတည်ပြုပေးခဲ့ပါတယ်။ ခရိတ်ဟုတ်ရဲ့အဆိုအရ နယူးကာဆယ်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ဒီဖြစ်ရပ်ကို သိရှိထားပြီး ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
နော်သမ်ဘရီယာရဲတပ်ဖွဲ့နဲ့ နယူးကာဆယ်အသင်းတာဝန်ရှိသူတွေဆီ အခုရန်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ ခရိတ်ဟုတ်ရဲ့မေးမြန်းထားမှုအပေါ် ပြန်လည်ဖြေကြားထားတာမျိုး မရှိသေးပါဘူး။ ၂၀၁၄ ခုနှစ်မှာ နယူးကာဆယ် အသင်းဆီ ရောက်ရှိလာတဲ့ လက်စ်ဆဲလက်စ်က အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ထွက်ခွာတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
တူရကီကလပ် ဘတ်ဆီတပ်စ်ကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကောလာဟလထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲသာ ကစားခွင့်ရရှိတဲ့ လက်စ်ဆဲလက်စ်က နည်းပြဟိုဝီလက်အောက် ပုံမှန်ပွဲထွက်ခွင့်ရရှိနိုင်ရေးအတွက် ရုန်းကန်နေရပါတယ်။