
မာဒရစ်ခ်က ပွဲစဉ်တွေအပေါ် ကောင်းကောင်းနားလည်ဖို့ လိုအပ်နေဆဲပဲလို့ ဆိုလိုက်တဲ့ နည်းပြပိုချက်တီနို
ယမန်နေ့ညပိုင်း၊ ဘုန်းမောက်နဲ့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်အတွင်း အကျိုးသက်ရောက်မှုတစ်ခု ပြသနိုင်ရေး ကျရှုံးခဲ့ရတဲ့ မာဒရစ်ခ်က ပွဲစဉ်တွေအပေါ် အခုထက်ပိုပြီး ကောင်းကောင်းနားလည်ဖို့ လိုအပ်နေတယ်လို့ ချဲလ်ဆီးနည်းပြပိုချက်တီနိုက ယုံကြည်နေပါတယ်။
ပြောင်းရွှေ့ကြေးပေါင် ၈၈ ဒဿမ ၅ သန်းတန် ကစားသမားဟာ ယမန်နေ့ပွဲစဉ်မှာ ချဲလ်ဆီးအတွက် ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် စိတ်ပျက်စရာစွမ်းဆောင်ရည်နဲ့အတူ ပွဲချိန် ၆၃ မိနစ်မှာ လူစားလဲလှယ်ခံခဲ့ရပါတယ်။ ဒါကြောင့် ယူကရိန်းလက်ရွေးစင် ကစားသမားက ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲအထိ ကစားခဲ့ပြီးဖြစ်ပေမယ့် သွင်းဂိုးတော့ မရှာဖွေနိုင်သေးတဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ရှက်တာဒိုးနက်မှ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ရှစ်နှစ်ခွဲသက်တမ်းရှိ စာချုပ်ဖြင့် ရောက်ရှိလာတဲ့ မာဒရစ်ခ်က အထင်ကြီးလောက်စရာခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိသေးပေမယ့် နည်းပြပိုချက်တီနိုကတော့ အသက်-၂၂ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ်နဲ့ အသားကျလာဖို့ အချိန်လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။
Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ချဲလ်ဆီးနည်းပြက “မာဒရစ်ခ်က တိုးတက်နေပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့ အရှိန်အဟုန်က အရမ်းမြန်ဆန်လွန်းတာကြောင့် သူ ဒါကို နားလည်ဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ ဒါက ပွဲစဉ်တွေအကြောင်း ပိုပြီးနားလည်ဖို့နဲ့ တခါတလေ အသင်းနဲ့အတူ ပိုပြီး ချိတ်ဆက်ကစားနိုင်ရေး ကြိုးစားဖို့ပဲလို့ ယူဆမိပါတယ်။ အခုဘောလုံးရာသီအတွင်း မာဒရစ်ခ်တိုးတက်လာနိုင်ရေး အကူအညီတွေနဲ့ အချိန်တွေကို ပေးစွမ်းဖို့ ကျွန်တော်တို့ဘက်က လိုအပ်ပါတယ်”လို့ ပြောပါတယ်။
မာဒရစ်ခ်က ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေလက်ထက် ကစားသမားသစ်ခေါ်ယူရာမှာ ပေါင် ၁ ဘီလျံကျော် သုံးစွဲမှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလိုငွေကြေးသုံးစွဲမှုတွေက ကွင်းတွင်းအောင်မြင်မှုတွေအတွက် အဖြေမဟုတ်ဘူးဆိုတာ ဘုန်းမောက်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်အပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ငါးပွဲမှာ ရမှတ်ငါးမှတ်သာ စုဆောင်းထားနိုင်ခြင်းက သက်သေပြနေပါတယ်။
အခုဘောလုံးရာသီလက်ရှိအချိန်အထိ ချဲလ်ဆီးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၅ ဂိုးသာ ရှာဖွေထားနိုင်ပြီး ဒီမှတ်တမ်းက အမှတ်ပေးဇယားအဆင့်-၁၁ နေရာမှာ ရာသီသိမ်းခဲ့တဲ့ ၁၉၉၅-၁၉၉၆ ဘောလုံးရာသီရဲ့ အဖွင့်ပွဲစဉ်ငါးပွဲမှတ်တမ်းနဲ့လည်း တူညီနေပြန်ပါတယ်။