The network connection is lost.

Banner Image

ချဲလ်ဆီးရဲ့သရေပွဲကြောင့် ဇနီးဖြစ်သူနဲ့ ညစာစားမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တဲ့ ပိုချက်တီနို

ချဲလ်ဆီးအသင်းနည်းပြ မော်ရီစီယိုပိုချက်တီနိုက ပြီးခဲ့တဲ့အပတ်က ဘရန့်ဖို့ဒ်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဇနီးဖြစ်သူနဲ့ မွေးနေ့ညစာစားမယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ထုတ်ဖော်ပြောကြားလာခဲ့တယ်။ အဲဒီအစား အာဂျင်တီးနားသားဟာ သူ့ရဲ့နည်းပြဝန်ထမ်းတွေနဲ့အတူ အေအက်ဖ်စီချန်ပီယံလိဂ်ပွဲစဉ်တွေကိုသာ ကြည့်နေခဲ့တယ်လို့ဆိုပါတယ်။ 

 

ပိုချက်တီနိုဟာ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ သူ့ရဲ့အသင်းက သရေ ၁ မှတ်သာရရှိခဲ့တာကြောင့် မကျေမနပ်ဖြစ်နေခဲ့ပြီး ရှုံးနိမ့်ခဲ့သလိုခံစားရတာကြောင့် အပြင်မထွက်ဘဲ အိမ်ထဲမှာနေလိုကြောင်းနဲ့ အခုချိန်မှာတော့ ဇနီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဝန်ခံလာခဲ့တာဖြစ်ပါတယ်။ 

 

အသက်-၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပိုချက်တီနိုဟာ ချဲလ်ဆီးကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာသာ ရပ်တည်ထားစေတာကြောင့် ဖိအားတွေနဲ့ ကြုံတွေ့နေရပြီး ဒီရာသီမှာချဲလ်ဆီးရဲ့ဖလားမျှော်လင့်ချက်ဟာ အက်ဖ်အေဖလား ၁ လုံးသာကျန်ရှိတော့တာဖြစ်ပါတယ်။ 

 

ပိုချက်တီနိုက “ပြီးခဲ့တဲ့စနေနေ့က ဘရန့်ဖို့ဒ်နဲ့ သရေကျခဲ့တာက ရှုံးနိမ့်သလို ခံစားခဲ့ရပါတယ်။ ဒီပွဲက ကျွန်တော်နဲ့ ကျွန်တော့်ဇနီးရဲ့ ညစာစားပွဲကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ကျွန်တော် အပြင်ထွက်ပြီးညစာမစားချင်ဘူး။ အိမ်ထဲမှာပဲနေချင်တယ်လို့ ပြောခဲ့မိပါတယ်။ အဲဒီတုန်းက ကျွန်တော်နဲ့အတူ နည်းပြဝန်ထမ်းတွေရှိနေလို့ ကံကောင်းပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဗလန်စီယာတို့ရဲ့ပွဲစဉ်ကို ကြည့်ခဲ့ကြပေမယ့် စိတ်လှုပ်ရှားမှုတောင်မရှိခဲ့ပါဘူး။ ပြီးတော့ ကျွန်တော်တို့ ဝိုင်တွေပိုသောက်ဖြစ်ခဲ့ကြတယ်”

 

“လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာတော့ ကျွန်တော်တို့ ပွဲအမျိုးမျိုးကိုကြည့်ခဲ့ပါတယ်။ ချန်ပီယံလိဂ်နဲ့ ချန်ပီယံရှစ်ပွဲတွေတင်မကဘူး။ အာရှချန်ပီယံလိဂ်ပွဲစဉ်တွေကိုလည်းကြည့်ခဲ့ကြပါတယ်။ အယ်လ်ဟီလယ်နဲ့ အယ်လ်နာဆာရဲ့ပွဲတွေပေါ့။ ကျွန်တော်တို့ ပွဲတွေအများကြီးကြည့်ဖြစ်ခဲ့ကြပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ညစာစားပွဲကိုဖျက်သိမ်းခဲ့လို့ ဇနီးသည်ရဲ့ စိတ်ဆိုးမှုကိုခံခဲ့ရလားလို့ မေးမြန်းခဲ့ရာပိုချက်တီနိုက “သူ ကျွန်တော့်ကိုမကျေနပ်တာတော့ အမှန်ပဲ။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုတွေခံစားနေရတယ်ဆိုတာ သူကောင်းကောင်းသိပါတယ်။ ခံစားချက်တွေမကောင်းရင် မိသားစုအတွက်လည်း မလွယ်ပါဘူး” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

 

တနင်္လာနေ့မှာတော့ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်ကို အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။