The network connection is lost.

Banner Image

ကိုလံဘီယာရဲ့အောင်ပွဲခံမှုနဲ့ပတ်သက်ပြီး ဝေဖန်လိုက်တဲ့ ဆွာရက်ဇ်

ဥရုဂွေးကစားသမားတွေနဲ့ ကိုလံဘီယာပရိသတ်တွေကြား တိုက်ခိုက်မှုပြီးနောက် ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ကိုလံဘီယာအသင်းရဲ့အောင်ပွဲခံမှုဟာ ရုပ်ဆိုးလွန်းတယ်လို့ ဝေဖန်လိုက်ပါတယ်။

၁၀ ယောက်တည်းကျန်တော့တဲ့ ဥရုဂွေးအသင်းကို ကိုလံဘီယာအသင်းက ဘရိုဂျာရဲ့တစ်လုံးတည်းသော ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ဘရိုဂျာက အဆိုပါဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဥရုဂွေးကစားသမားတွေရှေ့မှာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်နဲ့ အသင်းဖော်တွေဟာ ကိုလံဘီယာပရိသတ်တွေနဲ့ ပွဲကြည့်စင်မှာ ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။

“ငြင်းခုန်တာ ၊ ဟာသလုပ်တာ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်ရပါတယ်။ ဒါပေမယ့် ဘရိုဂျာရဲ့အောင်ပွဲခံမှုက တကယ့်စိတ်ပျက်စရာပါ။ ဒီလိုမျိုးအောင်ပွဲမခံသင့်ဘူးဆိုတာရှင်းနေပါတယ်။ ကျွန်တော်တို့ ဘရာဇီးကို အနိုင်ရခဲ့ပေမယ့် ဘယ်ဘရာဇီးကစားသမားရှေ့မှာမှ အောင်ပွဲမခံခဲ့ပါဘူး။ ပြိုင်ဘက်ကို လေးစားမှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲကနေထွက်ခွာရတဲ့ဆိုတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ သိတာကြောင့်ပါ။ ပြိုင်ဘက်ကစားသမားရှေ့မှာ အောင်ပွဲခံတာက ပရော်ဖက်ရှင်နယ်တစ်ဦးအနေနဲ့ ရုပ်ဆိုးလွန်းပါတယ်။ ခင်ဗျားရဲ့မိန်းမ ၊ ကလေးတွေ ၊ မိဘတွေ နဲ့ လူကြီးတွေကို ခင်ဗျားဘယ်လိုလူလဲဆိုတာ ဖော်ပြနေသလိုဖြစ်နေပါတယ်။ ဒီလိုအရာတွေက ပုံရိပ်ကျဆင်းစေပါတယ်။ ဘယ်သူမှဒီလိုပုံရိပ်တွေမမြင်ချင်ပါဘူး။ မိသားစုဝင်တစ်ဦး တိုက်ခိုက်ခံခဲ့ရင် ခင်ဗျားအနေနဲ့ သူတို့ကိုကာကွယ်ဖို့ ကြိုးစားမှာပါ။ ကျွန်တော်အဝေးကြီးကနေ အသင်းဖော်တွေရဲ့မိသားစုဝင်တွေ ကလေးတွေပိတ်မိနေတာကို မြင်ပါတယ်။ အကူအညီမဲ့နေချိန်မှာ ကူညီချင်တာက သာမန်ပါပဲ”လို့ ဆွာရက်ဇ်က ပြောကြားခဲ့ပါတယ်။

လူမှုမီဒီယာပေါ်က ရုပ်သံမှာ လီဗာပူးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်က ပြိုင်ဘက်ပရိသတ်တွေနဲ့ခိုက်ရန်ဖြစ်ပွားနေတာကို မြင်တွေ့ခဲ့ရပါတယ်။ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကတော့ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေသလို အပြင်းအထန်ရှုတ်ချခဲ့ပြီး အဲ့တာက ဘောလုံးကိုထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဥရုဂွေးဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အီနာဆီယိုအလွန်ဆိုကတော့ မိမိတို့အသင်းကစားသမားတွေဟာ သူတို့မိသားစုဝင်တွေအန္တရာယ်ရှိနေတာကြောင့် တုံ့ပြန်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ “အဲ့တာက အလိုအလျောက်ဖြစ်တာပါ။ သူတို့မိသားစုဝင်တွေကို ကာကွယ်တယ်ဆိုတာ သာမန်ပါပဲ။ ရန်လိုမှုတွေရှိခဲ့ပေမယ့် အဲ့တာကို အလျင်အမြန်ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပုံတွေကို အသေးစိတ်စစ်ဆေးနေပါတယ်။ အခုတော့ ကျွန်တော်တို့ ဟိုတယ်မှာပြန်ရောက်နေပါပြီ။ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြန်လည်ကြည့်ရှုပါမယ်။ ပြိုင်ပွဲတိုင်းမှာ ကစားသမားတွေရဲ့မိသားစုဝင်တွေ ပွဲကြည့်စင်မှာ လာအားပေးလေ့ရှိပါတယ်”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။

ကိုလံဘီယာအတွက်တော့ ၂၀၀၁ နောက်ပိုင်း ပထမဆုံးအကြိမ် ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာ အာဂျင်တီးနားအသင်းနဲ့ ဖိုင်နယ်ပွဲရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဥရုဂွေးအသင်းကတော့ တတိယနေရာအတွက် ကနေဒါအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။