
The network connection is lost.

ချဲလ်ဆီးအသင်းဟာ ယမန်နေ့ညက အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ယခုနှစ်ရာသီ သုံးပွဲမြောက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး နည်းပြ ပိုချက်တီနိုက အသင်းတစ်သင်းအနေနဲ့ တိုးတက်ဖို့ လိုအပ်နေသေးကြောင်း ဝန်ခံခဲ့ပါတယ်။ နောက်ခံလူ ဂတ်စ်တိုဟာ ဒစ်ဂျ်နီကို ကြမ်းတမ်းစွာ ကစားခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို ၃ပွဲပယ်ပြစ်ဒဏ် ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
တိုက်စစ်မှူး ဂျက်ဆန်ဟာလည်း လိဂ်ပွဲ ခြောက်ပွဲသာ ကစားရသေးချိန် အဝါကတ်ငါးကတ်အထိ ပြသခံခဲ့ရတာကြောင့် တစ်ပွဲပယ်ပြစ်ဒဏ် ကျခံရတော့မှာ ဖြစ်ပါတယ်။ ဗီလာအသင်းကတော့ တစ်ယောက်အသာရနေမှုကို အကောင်းဆုံး အခွင့်အရေးယူကာ ဝက်ကင်းစ်ရဲ့သွင်းဂိုးနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ယူသွားခဲ့ပါတယ်။
ပိုချက်တီနိုက "ကျွန်တော်တို့ တစ်ဦးချင်းမဟုတ်ဘဲ အသင်းလိုက်အနေနဲ့ တိုးတက်ဖို့ လိုနေပါသေးတယ်။ နီကိုလက်စ်ဂျက်ဆန်လို ကစားသမားမျိုးက အရမ်းငယ်သေးပြီး ပရီးမီးယားလိဂ်လို နေရာမျိုးမှာ ကစားနိုင်ဖို့ အချိန်ယူပြီး လေ့လာရပါဦးမယ်။ ဒီလိုပွဲမျိုးမှာ ကျွန်တော်တို့ အနိုင်ရချင်ပေမယ့် ကစားသမားတွေက လူငယ်လေးတွေ ဖြစ်နေတာကြောင့် အတွေ့အကြုံနဲ့ အမှားတွေကနေ သင်ခန်းစာယူနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ဒီလိုအခြေအနေတွေ အများကြီးကနေ ပေးဆပ်နေရတာကြောင့် အလွန်စိတ်ပျက်ရပါတယ်။ ဒီလိုမျိုး အမှားသေးသေးလေးတွေ ဆက်တိုက်လုပ်လာတဲ့အချိန် နောက်ဆုံးမှာ ရှုံးသွားတာပါပဲ။ ကျွန်တော်တို့က အမြန်ဆုံးပြောင်းလဲရမယ့်အချိန် ရောက်နေပါပြီ"လို့ ပြောခဲ့ပါတယ်။