The network connection is lost.

Banner Image

ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကို အာဏာရှင်ဆန်သူဖြစ်လာတယ်လို့ ယုံကြည်နေတဲ့ ပလာတီနီ

ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းမီချယ်ပလာတီနီက ယမန်နေ့(ကြာသပတေးနေ့)၊ The Guardian သတင်းဌာနနဲ့အင်တာဗျူးတစ်ခုမှာ လက်ရှိဖီဖာဥက္ကဋ္ဌဖြစ်သူ အင်ဖန်တီနိုကို အာဏာရှင်ဆန်သူလို့ စွပ်စွဲခဲ့ပြီး ချမ်းသာကြွယ်ဝသူတွေနဲ့ အာဏာရှိသူတွေအပေါ် အလွန်စိတ်ဝင်စားလွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။

အင်ဖန်တီနိုက ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ကို ပလာတီနီဦးဆောင်ချိန် ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ပြင်သစ်သားရဲ့လက်ထောက်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပလာတီနီက “ အင်ဖန်တီနိုဟာ အရမ်းကောင်းတဲ့ လက်ထောက်တစ်ဦးဖြစ်ပေမယ့် ခေါင်းဆောင်ကောင်းတစ်ဦး မဟုတ်ပါဘူး။ သူက ယူအီးအက်ဖ်အေမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာ ပြဿနာတစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ ငွေကြေးချမ်းသာပြီး အာဏာရှိသူတွေ၊ ပိုက်ဆံရှိသူတွေကို သဘောကျလေ့ရှိတဲ့ အင်ဖန်တီနိုရဲ့ပင်ကိုယ်စရိုက်လက္ခဏာပါပဲ။

သူက လက်ထောက်တစ်ဦးအဖြစ် တာဝန်ယူခဲ့ချိန်ကတည်းက ဒီလိုအရာတွေကို ကြိုက်နှစ်သက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ သူက ခေါင်းဆောင်မဖြစ်လာသေးပါဘူး။ ကံမကောင်းစွာနဲ့ဘဲ အင်ဖန်တီနိုဟာ ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း ပိုပြီးတောင် အာဏာရှင်ဆန်လာပါတယ်”လို့ ပြောပါတယ်။

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အင်ဖန်တီနိုက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရင်နှီးသောဆက်ဆံရေးတစ်ရပ် တည်ဆောက်ခဲ့ပြီး ဒီဇင်ဘာလအတွင်းပြုလုပ်တဲ့ မဲခွဲမှုအခမ်းအနားမှာ ယန်းကီးသူဋ္ဌေးကြီးဆီ ဖီဖာငြိမ်းချမ်းရေးအထူးဆုကို တီထွင်ဖန်တီးပေးအပ်ခဲ့ပါတယ်။

ဆွစ်-အီတာလျံကပြားရှေ့နေ့က ၂၀၁၆ ခုနှစ်အကျပ်အတည်းကာလအတွင်း ဖီဖာရဲ့ဦးဆောင်မှုကဏ္ဍကို ဆပ်ဘလတ္တာထံမှ လွှဲပြောင်းရယူခဲ့ပါတယ်။ ပလာတီနီကတော့ အင်ဖန်တီနိုရဲ့ အထက်-အောက်ဦးဆောင်မှုပုံစံကြောင့် ဖီဖာမှာ ဘလတ္တာခေတ်ထက် ဒီမိုကရေစီအခွင့်အရေးနည်းပါးသွားတယ်လို့ ယုံကြည်နေပါတယ်။

ပလာတီနီက “ ဘလတ္တာခေတ်ထက် ဒီမိုကရေစီနည်းပါးသွားပါပြီ။ ဘလတ္တာအကြောင်း ခင်ဗျားတို့ ပြောချင်သလို ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အဓိကပြဿနာက ဖီဖာမှာ ဘဝတလျှောက်လုံး အလုပ်လုပ်သွားချင်တဲ့ကိစ္စ ဖြစ်ပါတယ်။ သူက ဘောလုံးလောကအတွက် ကောင်းမွန်တဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။

အခုတော့ ဘောလုံးလောကအာဏာပိုင်တွေက သူတို့အလုပ်ကိုပဲ အာရုံစိုက်နေကြပါတယ်။ ဘောလုံးလောကမှာပဲဖြစ်ဖြစ်၊ ဘတ်စကတ်ဘောလောကမှာပဲဖြစ်ဖြစ် ကိုယ့်နယ်ပယ်အပေါ် ဂရုမစိုက်သူတွေ အများကြီးရှိပါတယ်။ ယူအီးအက်ဖ်အေ(သို့မဟုတ်) ဖီဖာမှာ အလုပ်လုပ်နေရုံနဲ့ ဘောလုံးကိုချစ်မြတ်နိုးတာမျိုး အမြဲတမ်းမရှိပါဘူး”လို့ ပြောပါတယ်။

ပလာတီနီက အင်ဖန်တီနိုနဲ့ လက်ရှိဖီဖာဥက္ကဋ္ဌရဲ့အတွင်းစည်းလူယုံတွေကို နှစ်ပေါင်းများစွာ ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဘလတ္တာဆီမှ ဆွစ်ဖရန့်ငွေနှစ်သန်းလက်ခံရယူမှုနဲ့ပတ်သက်လို့ ဆွစ်ဇာလန်ရှေ့နေတွေဆီ အင်ဖန်တီနိုကိုယ်တိုင်သတင်းပေးခြင်းဖြင့် ပလာတီနီရဲ့ဖီဖာဥက္ကဋ္ဌဖြစ်လာဖို့ ကြိုးပမ်းမှုအပေါ် ဟန့်တားခဲ့တယ်လို့ ပြင်သစ်ဂန္တဝင်ကစားသမားကြီးက စွပ်စွဲခဲ့ပါတယ်။