မန်စီးတီးရဲ့ယူရိုကြယ်ပွင့်တွေအတွက် နွေရာသီအားလပ်ရက်ထပ်တိုးပေးသွားမယ့် ပက်ဂွါဒီယိုလာ
ခက်ခဲကြမ်းတမ်းလှတဲ့ တစ်နှစ်တာကာလအပြီး ပက်ဂွါဒီယိုလာက သူ့ရဲ့ ကစားသမားအချို့ကို အားလပ်ရက်ပိုပေးဖို့ စီစဉ်ထားမှုနဲ့အတူ မန်စီးတီးရဲ့ယူရိုကြယ်ပွင့်ကစားသမားတွေဟာ ကွန်မြူနတီဒိုင်းပွဲစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှသာ အသင်းဆီ ပြန်လည်ပူးပေါင်းလာပါလိမ့်မယ်။ ပက်ဂွါဒီယိုလာက နိုင်ငံ့လက်ရွေးစင်အဆင့်ပြိုင်ပွဲကြီးတွေကျင်းပလေ့ရှိတဲ့နှစ်တွေမှာ ကစားသမားတွေကို အားလပ်ရက်ပိုပေးဖို့ ထောက်ခံသူတစ်ဦးဖြစ်ပြီး အခုလတတိယပတ်၊ အမေရိကန်နိုင်ငံရာသီကြိုခရီးစဉ် အတွက်လည်း အချို့ကစားသမားတွေကို ချန်လှပ်သွားရန် ဆုံးဖြတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။
ကီဗင်ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗား၊ ရူဘင်ဒီယက်စ်၊ ဒိုကူ၊ အကီနဲ့ အကန်ဂျီတို့လည်း အားလပ်ရက်တစ်လတာကာလ ရရှိထားပြီး သြဂုတ် ၁၀ ရက်၊ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲစဉ်ရက်သတ္တပတ်အတွင်း အသင်းဆီ ပြန်လည်သတင်းပို့ပေးရပါလိမ့်မယ်။ ဖိုဒန်၊ ဂျွန်စတုန်းစ်၊ ဝေါ်လ်ကာနဲ့ ရိုဒရီအပြင် ကိုပါအမေရိကဖလားဆုရှင် အယ်လ်ဗာရက်ဇ်တို့လို ပြီးခဲ့တဲ့တနင်္ဂနွေနေ့ဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့ရသူတွေနဲ့ပတ်သက်လို့လည်း ပက်ဂွါဒီယိုလာက လာမယ့်ရက်ပိုင်းအတွင်း အသင်းဝန်ထမ်းတွေနဲ့ ဆွေးနွေးသွားပါလိမ့်မယ်။
ကတ္တလန်သားနည်းပြက ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရေး အချိန်ပိုပေးဖို့လိုအပ်သူတွေအတွက် စီစဉ်ပေးရလေ့ရှိတဲ့ ကစားသမားတစ်ဦးချင်းအလိုက်သီးသန့်အစီအစဉ်တွေကို မကြိုက်လှပါဘူး။ ဒါပေမယ့် မန်စီးတီးက ဘာလင်မြို့ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ရိုဒရီရဲ့တံကောက်ကြောဒဏ်ရာအတိမ်အနက်အပေါ် စစ်ဆေးသွားဖို့ လိုအပ်နေပါတယ်။
အတိတ်မှာလည်း ပက်ဂွါဒီယိုလာက ကီဗင်ဒီဘရိုင်းနဲ့ တောင်ပံကစားသမားဟောင်းစတာလင်တို့ကို နွေရာသီအားလပ်ရက်ကာလ တိုးမြှင့်ပေးခဲ့ဖူးပြီး ကြယ်ပွင့်ကစားသမားတွေအားလုံး အသင်းဆီ ပြန်လည်ရောက်ရှိလာမှုဟာ ဘောလုံးရာသီတစ်ခုလုံးအတွက် အကျိုးသက်ရောက်ခြင်းမရှိဘူးလို့ ယုံကြည်သူလည်း ဖြစ်ပါတယ်။
လာမယ့်တနင်္လာနေ့မှာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်ပြန်လည်စတင်တော့မယ့် မန်စီးတီးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အထလေးတတ်တဲ့ အသင်းတစ်ခုဖြစ်ပြီး ခရစ္စမတ်ကာလမတိုင်ခင်အထိ ပြိုင်ဘက်တွေကို ဖိအားပေးဖို့ တွန့်ဆုတ်လေ့ရှိပါတယ်။ ဒီလိုအချက်တွေကြောင့် သူတို့အသင်းက ရာသီကြိုကာလခြေစမ်းပွဲစဉ်တွေမှာလည်း သက်သောင့်သက်သာနဲ့ ယှဉ်ပြိုင်ကစားလေ့ရှိပါတယ်။
မန်စီးတီးရဲ့အမေရိကန်ရာသီကြိုခရီးစဉ်ကိုတော့ ဂျက်ဂရီးလစ်ရှ်နဲ့ ဟာလန်းတို့က ဦးဆောင်သွားဖွယ်ရှိပြီး ကယ်လ်ဗင်ဖီးလစ်၊ ခရိုအေးရှားလက်ရွေးစင်တွေဖြစ်တဲ့ ဂျီဗာဒီအောနဲ့ ကိုဗာဆစ်တို့ ပါဝင်လာဖွယ် ရှိပါတယ်။ လူငယ်ကစားသမားအများစုပါဝင်လာမယ့် ပက်ဂွါဒီယိုလာရဲ့အသင်းက ရာသီကြိုခရီးစဉ်မှာ ဆဲလ်တစ်၊ အေစီမီလန်၊ ဘာစီလိုနာ၊ ချဲလ်ဆီးတို့နဲ့ ရင်ဆိုင်ကစားရပါလိမ့်မယ်။