အေစီမီလန်နဲ့ပွဲစဉ်အတွင်း အော်စကာဘော့ဘ်ရဲ့ခြေစွမ်းကို အားရကျေနပ်နေတဲ့ ပက်ဂွါဒီယိုလာ
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ အေစီမီလန်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ရာသီကြိုခြေစမ်းပွဲစဉ်အတွင်း အထင်ကြီးလောက်အောင် စွမ်းဆောင်ပြခဲ့တဲ့ အော်စကာဘော့ဘ်ကို မန်စီးတီးနည်းပြပက်ဂွါဒီယိုလာ အားရကျေနပ်နေပါတယ်။
ပက်ဂွါဒီယိုလာက “ ဘော့ဘ်က လျှပ်စီးလိုမျိုးပါပဲ။ နေရာလွတ်ကျဉ်းကျဉ်းလေးတွေထဲမှာတောင် သူ အရမ်းကောင်းခဲ့ပါတယ်။
အဆုံးသတ်ခါနီးအချိန်လေးတွေမှာတော့ သူရဲ့အရှိန်ကိုလျှော့ချပြီး စိတ်ကို ပိုမိုထိန်းချုပ်ထားနိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာ-ပထမပိုင်းပွဲချိန်အတွင်း လွဲချော်ခဲ့တဲ့အခွင့်အရေးမှာ ဘော့ဘ်အနေဖြင့် ပိုပြီးတည်တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းနိုင်ရပါမယ်။ ဒါမှမဟုတ်လည်း ဘောလုံးကို ဟာလန်းဆီ ပေးလိုက်ရပါမယ်။
အနာဂတ်မှာတော့ သူ ဒီအတိုင်းဖြစ်လာပါလိမ့်မယ်။ အသက်က ငယ်ရွယ်သေးပေမယ့် သူ့ရဲ့လုပ်အားနှုန်းကတော့ မယုံကြည်နိုင်စရာပါပဲ။ သူက တိုက်စစ်မှူးနေရာမှာရော၊ တောင်ပံမှာပါ ကစားနိုင်စွမ်းရှိပါတယ်။
သက်သောင့်သက်သာကစားလာနိုင်ချိန်ကျရင် ဘော့ဘ်က ဘယ်သူ့ကိုမဆို ဘောလုံးနဲ့အတူ လိမ်ခေါက်ဆွဲပြေးကျော်ဖြတ်နိုင်တဲ့ ကစားသမားမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါမျိုးသာ ဖြစ်လာရင် ကျွန်တော်တို့အသင်းတိုက်စစ်ပိုင်းအတွက် ကြီးမားတဲ့ခြေလှမ်းတစ်ရပ် ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။
နော်ဝေတိုက်စစ်အတွဲဖြစ်တဲ့ အော်စကာဘော့ဘ်၊ ဟာလန်းနဲ့ပတ်သက်ပြီး ပက်ဂွါဒီယိုလာက “ပြီးခဲ့တဲ့ပွဲစဉ်ထက်တော့ သူတို့နှစ်ဦးလုံး ပိုကောင်းလာခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ပွဲစဉ်မှာ ဘော့ဘ်က သွင်းဂိုးတစ်ဂိုး၊ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပြီး အကျိုးသက်ရောက်မှုတစ်ခု ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အသင်းအတွက် သူ့ရဲ့ပါဝင်ပတ်သက်ပေးမှုတွေက အမြင့်ဆုံးအဆင့်အတန်းမှာ ဘယ်လောက်အထိကစားနိုင်သလဲဆိုတာ ပြသပေးနေပါတယ်။ ဘောလုံးဆိုတာ ဒေတာအချက်အလက်တွေနဲ့ပဲ အလုပ်လုပ်သွားလို့ မရပါဘူး။
ဘော့ဘ်က ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးသွားချိန်မှာပါ မတူညီတဲ့နေရာတွေအတွက် ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ကစားခဲ့ပါတယ်။ သူက 1vs1, 1vs2 အခြေအနေတွေမှာ ပြတ်ပြတ်သားသားကစားနိုင်ခဲ့ပါတယ်။
အော်စကာဘော့ဘ်တင် မဟုတ်ပါဘူး။ အကုန်လုံးလည်း ကစားပုံကောင်းခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့နောက်တန်းမှာ ရီကိုလီဝစ်မှတပါး အကယ်ဒမီကစားသမားလေးဦးကို အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် အခြေအနေတွေက ပုံမှန်လိုပါပဲ။
သူတို့လေးတွေအတွက်တော့ မယုံကြည်နိုင်စရာအတွေ့အကြုံတစ်ရပ်ပါ။ ဆဲလ်တစ်၊ အေစီမီလန်တို့လို အသင်းကောင်းတွေနဲ့ရင်ဆိုင်ရချိန် သူတို့ကစားပုံဘယ်လိုရှိသလဲဆိုတာ မြင်တွေ့ရတာ ကောင်းပါတယ်။ ဒီအသင်းတွေက စီနီယာကစားသမားတွေပါဝင်တဲ့ ထိပ်တန်းအသင်းကောင်းတွေဖြစ်ပါတယ်။
သူတို့လေးတွေ ဘယ်လိုတိုးတက်လာသလဲဆိုတာနဲ့ ဘာတွေစွမ်းဆောင်နိုင်သလဲဆိုတာ မြင်တွေ့ရတာ ကျွန်တော်တို့အတွက်ရော၊ အကယ်ဒမီအတွက်ပါ ထိပ်တန်းအတွေ့အကြုံတစ်ရပ်ဖြစ်ပါတယ်။
အခုဘောလုံးရာသီအတွင်း သူတို့ရဲ့စရိုက်လက္ခဏာနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပြန်မြင်တွေ့ရဖို့ အလွန်ခက်ခဲတာကြောင့် ဒီလိုပွဲစဉ်တွေက ထူးခြားပါတယ်။
သာမန်အားဖြင့် စီနီယာအသင်းအတွက် လူငယ်ကစားသမားလေးတွေက သူတို့ရဲ့အစွမ်းကို ထုတ်ပြနိုင်စွမ်း မရှိပါဘူး။ ဒီကာလတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ စီနီယာကစားသမားတွေ ဝန်းရံပြီး သူတို့လေးတွေ ဘယ်လိုမျိုးတိုးတက်နေသလဲဆိုတာသိရတာ ကျွန်တော့်အတွက်တော့ ကောင်းမွန်တဲ့သတင်းစကားတစ်ခုပါပဲ”လို့ ဆက်ပြောပါတယ်။