ဘော်လွန်းဒီအော်ဆုအတွက် ရိုဒရီကို ထောက်ခံပေးလိုက်တဲ့ ပက်ဂွါဒီယိုလာ
ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းအတွက် ရိုဒရီရဲ့ထက်မြက်တဲ့ကစားဟန်တွေက ကစားသမားကို အခုနှစ်ဘော်လွန်းဒီအော်ဆုရှင်စာရင်းမှာ ဘာကြောင့်ထည့်သွင်းစဉ်းစားသင့်သလဲဆိုတဲ့ မေးခွန်းအတွက် အဖြေဖြစ်တယ်လို့ ပက်ဂွါဒီယိုလာက ယုံကြည်နေပါတယ်။
ရိုဒရီက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်စီးတီးကို သမိုင်းဝင်လေးကြိမ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာအောင် ကူညီပေးခဲ့သလို စပိန်အသင်းရဲ့လတ်တလော ဥရောပချန်ပီယံရှစ်အောင်ပွဲခရီးလမ်းမှာလည်း အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ ဂျာမနီမြေမှာပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် အသက်-၂၈ နှစ်အရွယ်ကစားသမားကို ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် မဲပေးရွေးချယ်ခဲ့ပြီး အခုနှစ်နှောင်းပိုင်း၊ ဘော်လွန်းဒီအော်ဆုပေးပွဲမှာ အနိုင်ရရှိသူဖြစ်လာစေမယ့် အခွင့်အလမ်းတွေကိုလည်း ပိုမိုအားကောင်းလာစေခဲ့ပါတယ်။
ဆဲလ်တစ်နဲ့ရင်ဆိုင်ရမယ့် မန်စီးတီးရဲ့ ၂၀၂၄ အမေရိကန်ရာသီကြိုအဖွင့် ခြေစမ်းပွဲစဉ်မတိုင်ခင် ပက်ဂွါဒီယိုလာက ရိုဒရီရဲ့စပါယ်ရှယ်အရည်အသွေးအပေါ် သူ့ရဲ့အထင်ကြီးမှုကို ထင်ထင်ရှားရှားပြသခဲ့ပြီး ဒီလိုအရည်အသွေးကောင်းတွေဟာ သူ့အတွက် အထူးအဆန်းမဟုတ်တော့ပါဘူးလို့ ရှင်းပြလိုက်ပါတယ်။
ပက်ဂွါဒီယိုလာက “စပိန်အသင်းရဲ့ပွဲစဉ်တွေကြည့်ဖြစ်တိုင်း ကျွန်တော် သူ့ကို တွေ့မြင်ခဲ့ပါတယ်။ ရိုဒရီက နှစ်ပေါင်းများစွာ သူကစားခဲ့တဲ့အဆင့်အတန်းမျိုးမှာ ဆက်ရှိနေခဲ့ပါတယ်။ သူ့ရဲ့တည်ငြိမ်မှုအပိုင်းက ကောင်းလွန်းပါတယ်။ ရိုဒရီ၊ လာပေါ်တေး၊ ဖာရန်တောရက်စ်…. သူတို့တွေ အတူတွဲဖက်ကစားခဲ့ပြီး သူတို့အတွက် ကျွန်တော် ပျော်ရွှင်ကျေနပ်မိပါတယ်။ ဘော်လွန်းဒီအော်ဆုအတွက်တော့ ယှဉ်ပြိုင်နိုင်မယ့်သူ အနည်းငယ်ပဲရှိပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ လောက်ပါပဲ။ ရိုဒရီ ဘယ်လောက်အထိ ပျော်နေမယ်ဆိုတာ ကျွန်တော်လည်း မပြောပြတက်ပါဘူး။ ဒီပြိုင်ပွဲမှာ ရိုဒရီရှိနေခြင်းက ကစားသမားအတွက်ရော၊ သူ့မိသားစုအတွက်ရော၊ သူ့မိတ်ဆွေတွေအတွက်ရော၊ အမှန်ပါပဲ.. မန်စီးတီးအတွက်ပါ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ အရမ်းဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။