The network connection is lost.

Banner Image

LA Galaxy ဆီ ပြောင်းရွှေ့နိုင်ရေး သဘောတူညီမှုတစ်ခုရယူနိုင်ဖို့ နီးစပ်နေတဲ့ မာကိုရူးစ်

အမေရိကန်မေဂျာလိဂ်ကလပ် LA Galaxy က ဒေါ့မွန်ကွင်းလယ်လူ မာကိုရူးစ်ကို ခေါ်ယူနိုင်ရေး သဘောတူညီမှုတစ်ခုရရှိဖို့ အတော်လေးနီးစပ်နေပါပြီ။

နာမည်ကျော်သတင်းထောက်ရိုမာနိုရဲ့အဆိုအရ အပြောင်းအရွှေ့အတွက် နောက်ဆုံးအသေးစိတ်အချက်အလက်တွေကို စုစည်းနေပြီး ဒီနေရာမှာ မာကိုရူးစ်အပြင် သူ့ရဲ့အေးဂျင့်တွေနဲ့ပါ ဆက်လက်သွားရမယ့် အလုပ်ကိစ္စအချို့ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီသဘောတူညီမှုပေါ်ပေါက်လာဖို့ အတော်လေးနီးစပ်နေပြီး ဂျာမန်သားကြီးကလည်း အခုနွေရာသီမှာ မေဂျာလိဂ်ဆီ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ဒေါ့မွန်ဂန္တဝင်ကြီးက အခုနှစ်အစောပိုင်းမှာပဲ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကုန်ဆုံးချိန် အသင်းမှထွက်ခွာမယ်လို့ ကြေညာခဲ့ပါတယ်။ နောက်ပိုင်းမှာ မာကိုရူးစ်ရဲ့လမ်းခွဲက ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်တဲ့ ဝင်ဘာလေကွင်းဗိုလ်လုပွဲအပြီး ကြေကွဲစရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

မာကိုရူးစ်က ဒေါ့မွန်မြို့ဇာတိဖြစ်ပြီး ဒေါ့မွန်အသင်းရဲ့အကယ်ဒမီဆီတက်ရောက်ရင်း လူငယ်ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ သူက ရော့ဝီရက်စ်အာလင်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲ့ဒီမှတဆင့် မာကိုရူးစ်က မိုချန်ဂလာဘတ်ဆီ ရောက်ရှိလာခဲ့ပြီး ၁၀၉ ပွဲတိတိ ပါဝင်ကစားပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ နွေရာသီကာလမှာတော့ ဒေါ့မွန်ဆီ မာကိုရူူးစ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

မာကိုရူးစ်က ဒေ့ါမွန်ကစားသမားဘဝမှာ ၄၂၉ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး အသင်းအတွက် ပွဲအရေအတွက် စတုတ္ထမြောက်အများဆုံးကစားပေးသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ သူက ဒေါ့မွန်အတွက် ဂိုး ၁၇၀ အထိ သွင်းယူပေးခဲ့ပြီး အသင်းသမိုင်းတလျှောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်သူ ပရီးရက်စ်ဆလာအောက် ခုနစ်ဂိုးသာ လျော့နည်းကာ အသင်းအတွက် ဒုတိယသွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် မာကိုရူးစ်က ဂိုးဖန်တီးမှု ၁၃၁ ကြိမ်အထိ ပြုလုပ်ပြီး ဒေါ့မွန်အသင်းသမိုင်းတလျှောက် ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒေါ့မွန်ကစားသမားဘဝမှာ မာကိုရူးစ်က ပိုကယ်လ်ဖလားနှစ်ကြိမ်နဲ့ စူပါဖလားနှစ်ကြိမ် အနိုင်ရရှိခဲ့ပါတယ်။ ယာဂန်ကလော့ပ်လက်အောက် အမှတ်ပေးချန်ပီယံဆုဆွတ်ခူးပြီး နောက်ရာသီမှာပဲ ဒေါ့မွန်ဆီ မာကိုရူးစ် ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဒီနောက်မှာတော့ သူတို့အသင်းက အမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာခဲ့ရပါတယ်။ အမှတ်ပေးပြိုင်ပွဲနောက်ဆုံးပန်းဝင်ချိန် ဘိုင်ယန်မြူးနစ်ကို လက်မြှောက်အရှုံးပေးခဲ့ရတဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအပါအဝင် ဘောလုံးရာသီခုနစ်လောက်အထိ မာကိုရူးစ်ရဲ့အသင်းက ဗာဗေးရီးယန်းသားတွေရဲ့နောက်မှာ ဒုတိယလူအဖြစ် ရာသီသိမ်းခဲ့ရပါတယ်။

လတ်တလောမှာ LA Galaxy က အမေရိကန်မေဂျာလိဂ်(အနောက်ပိုင်းဇုန်) အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။