The network connection is lost.

Banner Image

ယာမယ်လ်ရဲ့ ဂိုးသွင်းနည်းစနစ်လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလာတဲ့ ပီဒရီ

ဘာစီလိုနာကွင်းလယ်လူ ပီဒရီက သောကြာနေ့နံနက် အက်စ်ပန်ညိုကို ၀-၂ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းရဲ့ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ပါရမီရှင်တောင်ပံကစားသမား လာမိုင်းယာမယ်လ်ရဲ့ ဂိုးသွင်းနည်းစနစ်လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

အဆိုပါနိုင်ပွဲမှာ ယာမယ်လ်က ဂိုးသမားရဲ့ ညာဘက်ဆယ်ပြားစေ့ထောင့်ထဲသို့ ဝေ့ဝိုက်ကန်သွင်းကာ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး အက်စ်ပန်ညိုဂိုးသမား ဂါစီယာတစ်ယောက် လုံးဝ လက်လှမ်းမမီနိုင်ခဲ့ပါဘူး။ ဒါ့အပြင် စပိန်လက်ရွေးစင်ဟာ ပွဲပြီးကာနီးမှာ အသင်းဖော် ဖာမင်းလိုပက်ဇ်အတွက်လည်း ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။  ယခုနိုင်ပွဲကြောင့် ဘာစီလိုနာအနေနဲ့လည်း ရာသီကုန်ဖို့ ၂ ပွဲအလိုမှာပဲ လာလီဂါအမှတ်ပေးဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ယာမယ်လ်ရဲ့ဂိုးနဲ့ပတ်သက်ပြီး အခြားအသင်းဖော်တွေက အံ့ဩမင်သက်ခဲ့ကြပေမယ့် ပီဒရီအတွက်တော့ ထူးဆန်းခြင်းမရှိဘဲ စပိန်သားဟာ အသင်းဖော်ရဲ့ ဂိုးသွင်းပုံ ဂိုးသွင်းနည်းကို အလွတ်ရနေတယ်လို့ ဆိုပါတယ်။ ပွဲအပြီးမှာ ပီဒရီက "ကျွန်တော်တို့ အတူတူကျော်ဖြတ်ခဲ့ရတဲ့ နှစ်တွေက အရမ်းပျော်စရာကောင်းခဲ့ပါတယ်။ ဒီဆုဖလားကလည်း အရမ်းအရေးပါတဲ့ဆုဖလားတစ်လုံးပါ။ ယာမယ်လ်က ဒီလိုဂိုးတွေကို အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ အမြဲတမ်း လေ့ကျင့်ရင်း ကန်သွင်းနေကျပါ။ ဒီပွဲမစခင် သွေးပူလေ့ကျင့်ခန်းဆင်းတုန်းကလည်း ဒီလိုဂိုးမျိုး ၂ ခါတောင် သွင်းခဲ့ပြီးပါပြီ" "သူက အရမ်းကြိုးစားပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့မှာချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်ဟာ ပီဒရီရဲ့ဘာစီလိုနာကစားသမားဘဝ ပွဲ ၂၀၀ ပြည့်မြောက်တဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီး စပိန်လက်ရွေးစင်က သူ့ရဲ့ဂုဏ်ယူရမှုကို ဆက်လက်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ကစားသမားက "ဒီအသင်းက ကျွန်တော့်အိပ်မက်ထဲက အသင်းပါ။ နေ့ရက်တိုင်းမှာ ပျော်ရွှင်နေပါတယ်။ ဒီပွဲက ၂၀၀ မြောက်ပွဲပါ။ နောက်ထပ်ပွဲတွေအများကြီးကစားနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဒဏ်ရာရနေတဲ့အချိန်တွေနဲ့ ခက်ခဲတဲ့အချိန်တွေမှာ အမြဲတမ်းအားပေးခဲ့တဲ့ ကျွန်တော့်ရဲ့မိသားစုကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဘယ်အသင်းမှာ နေ့ရက်တိုင်းမှာ ဆုဖလားမဆွတ်ခူးနိုင်ပါဘူး။ ဒါကြောင့် ဒီဆုဖလားအတွက် ကျွန်တော်တို့ အသားကုန်အောင်ပွဲခံသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုအခါမှာတော့ ဘာစီလိုနာဟာ အသင်းရဲ့အောင်မြင်မှုအတွက် အောင်ပွဲခံဖို့ အက်စ်ပန်ညိုရဲ့ကွင်းကနေ အိမ်ကွင်းဆီသို့ ပြန်လာနေပြီလို့သိရပါတယ်။