The network connection is lost.

Banner Image

အသင်းရဲ့ ဒဏ်ရာပြဿနာ ဆက်လက်ဆိုးရွားနေဆဲပဲလို့ ဖွင့်ဟပြောဆိုလိုက်တဲ့ ယာဂန်ကလော့ပ်

လီဗာပူးနည်းပြယာဂန်ကလော့ပ်က အသင်းနောက်ခံလူ ကိုနာတေးဟာ အခုသီတင်းပတ်ကုန်၊ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ကြာသပတေးနေ့၊ စပါတာပရာဟာကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ကြွက်သားဒဏ်ရာ ပြဿနာတစ်ခုရှိနေတဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားကို ပထမပိုင်း ပွဲချိန်အပြီး လူစားလဲလှယ်ခဲ့ရပါတယ်။

ဒီဒဏ်ရာ အခြေအနေကြောင့်ပဲ ကိုနာတေးက မန်စီးတီးနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ဆက်လက်လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် သူက အခုသီတင်းပတ်၊ ကြားရက် စပါတာပရာဟာနဲ့ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက် (ဒု-ကျော့) ပွဲစဉ်ကို ဆက်လက်လွဲချော်ဖွယ်ရှိနေပြီး ယာဂန်ကလော့ပ်ကတော့ သူ့ရဲ့ခံစစ်မှူးဟာ အိုးထရက်ဖို့ဒ်ပွဲစဉ်အတွက် ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဂျာမန်သားကြီးက “ယူနိုက်တက်နဲ့ ပွဲစဉ်အတွက် ကိုနာတေးမှာ အခွင့်အရေးတစ်ခု ရှိနေပါတယ်။ အခွင့်အလမ်းကောင်းတစ်ခုပါ။ ကျွန်တော်တို့အသင်းရဲ့ ဒဏ်ရာ အခြေအနေကတော့ ဆိုးရွားနေတုန်းပါပဲ။ မကစားနိုင်သေးတဲ့ ကစားသမားတွေလည်း အများကြီးရှိပါတယ်။ ဒါက ရူးလောက်စရာပါ။ ဒီနေ့မှာ မကစားနိုင်တဲ့ ကစားသမားတွေသာ ပါဝင်ကစားပေးနိုင်မယ်ဆိုရင် အသင်းကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

လီဗာပူးက မန်စီးတီးနဲ့ သရေကျခဲ့လို့ အမှတ်ပေးဇယားဦးဆောင်သူ နေရာကို အာဆင်နယ်ဆီ ဂိုးကွာခြားမှုအဆုံးအဖြတ်ဖြင့် လွှဲပြောင်းပေးခဲ့ရပါတယ်။ ဒါပေမယ့် သူ့အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်နေတဲ့ ကလော့ပ်က အမှတ်ပေး ချန်ပီယံပြေးလမ်းမှာ လီဗာပူးအသင်း ဆက်လက်လျှောက်လှမ်းနိုင်မယ်လို့ အခိုင်အမာပြောဆိုလိုက်ပြီး ဒဏ်ရာပြဿနာနှိပ်စက်နေမှုကို သက်သာရာရစေခဲ့ပါတယ်။

“မှန်ပါတယ်၊ ကျွန်တော်တို့တွေ ချန်ပီယံပြေးလမ်းပေါ်မှာ ဆက်လျှောက်လှမ်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကစားသမားတွေ ပြန်လာနိုင်ဖို့တော့ လိုအပ်ပါတယ်။ ဒီနေ့အပါအဝင် ကလေးတွေနဲ့အတူ ကျွန်တော်တို့တွေ ဖန်တီးနိုင်ခဲ့တဲ့ ဇာတ်လမ်းတွေ အားလုံးကို ကျွန်တော် သဘောကျမိပါတယ်။ အံသြစရာပါပဲ၊ ကျွန်တော်ကိုယ်တိုင်လည်း ဒီထက်တောင် ပိုမပျော်ရွှင်နိုင်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဘောလုံးကမ္ဘာမှာ အကြီးမားဆုံး ဆုအတွက် တိုက်ပွဲဝင်နေရပါတယ်။ ကိုနာတေးလည်း မကစားနိုင်ပါဘူး။ ကျွန်တော်တို့မှာ ရှိနေတဲ့ ဗဟိုခံစစ်မှူးသုံးဦးလုံးကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ တစ်ယောက်လောက်သာ ထပ်နာသွားရင် ပွဲချိန်ပြည့် ကစားရမယ့် ဗဟိုခံစစ်မှူးနှစ်ဦးနဲ့အတူ ခြောက်ရက်အတွင်း ပွဲစဉ်နှစ်ပွဲကို ကျွန်တော်တို့ ကစားသွားရပါလိမ့်မယ်။ ဒါတွေအားလုံးက တကယ့်ကို ရှုပ်ထွေးလွန်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက အဲ့ဒီလိုရှုပ်ထွေးမှုကိုပဲ ကျော်ဖြတ်လာခဲ့ကြတာပါ”

“ဒီလိုအခြေအနေကြားမှာပဲ ကျွန်တော်တို့က ဘောလုံးကို အကောင်းဆုံး ကစားပြီး ကံကောင်းတဲ့ အခိုက်အတန့်တွေ၊ နောက်ကျအနိုင်ဂိုးတွေနဲ့ ခက်ခက်ခဲခဲတိုက်ပွဲ ဝင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဒါကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရပါဘူး။ ဒါပေမယ့် ဒီနေ့စွမ်းဆောင်ရည်ပိုင်းကိုတော့ တကယ်ကြိုက်ပါတယ်။ ကစားသမားတစ်ဦး၊ နှစ်ဦးလောက်လည်း ပြန်ကစားနိုင်ပါပြီ။ ကျွန်တော်တို့ ပြောင်းလဲချင်သလို ပြောင်းလဲနိုင်ခဲ့ပါတယ်။ အိုး…. ဒါ တကယ်ကောင်းပါတယ်။ ဒီနေ့ပွဲစဉ်နဲ့ ပတ်သက်လို့ တကယ်ပျော်ရွှင်မိပါတယ်။ နောက်ပွဲ အတွက်တော့ ကျွန်တော် မစဉ်းစားရသေးပါဘူး။ ဘယ်သူတွေတော့ ပွဲပန်းနေမလဲဆိုတာလည်း ကျွန်တော် မသိရသေးပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မမေးကြည့်ရသေးတာပါ။ အခုလိုကစားနိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော့်အတွက်တော့ သတင်းကောင်းပါပဲ။ ဒီအတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ အခုမှစပြီး ကျွန်တော်တို့ ဘာတွေလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့”လို့ ကလော့ပ်က ဆက်ပြောခဲ့ပါတယ်။