ချန်ပီယံလိဂ်ကလိုခြေစွမ်းမျိုး လာလီဂါမှာလည်း ပြသဖို့လိုအပ်နေကြောင်း အသင်းဖော်တွေကို တိုက်တွန်းပြောဆိုလာတဲ့ ပီဒရီ
ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ လီဂါနက်စ်ကို ၀-၁ နဲ့အရေးနိမ့်ပြီးနောက် ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ပီဒရီက အသင်းအနေနဲ့ ချန်ပီယံလိဂ်ကလိုခြေစွမ်းမျိုးကို လာလီဂါမှာလည်း ပြသဖို့လိုအပ်နေတယ်လို့ သတိပေးစကားဆိုလာခဲ့ပါတယ်။
ယခုရှုံးပွဲကြောင့် ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေသေးသော်လည်း ဒုတိယနေရာသို့ တက်လှမ်းလာတဲ့ အက်သလက်တီကိုမက်ဒရစ်ရဲ့ ရမှတ်တူညီသွားပြီဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာတော့ ဘာစီလိုနာဟာ အက်သလက်တီကိုကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ၂၀၂၅ ခုနစ်ကို ဇယားထိပ်ဆုံးကနေ ကြိုဆိုနိုင်ဖို့ဆိုရင် မဖြစ်မနေနိုင်ပွဲဖော်ဆောင်သွားရတော့မှာဖြစ်ပါတယ်။
ရာသီအစမှာ ဘာစီလိုနာအနေနဲ့ ပုံစံကောင်းတောက်လျှောက်ပြသထားနိုင်ခဲ့ပြီး လိဂ်ကိုပြတ်ပြတ်သားသားဦးဆောင်ထားနိုင်ခဲ့ပေမယ့် ယခုအခါမှာတော့ နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရှိခဲ့ပြီး ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်သွားရတော့မှာဖြစ်ပါတယ်။
လာလီဂါမှာရုန်းကန်နေရပေမယ့် ချန်ပီယံလဂ်မှာတော့ ဘာစီလိုနာဟာ ၅ ပွဲဆက်တိုက်အနိုင်ရထားပြီး ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေကာ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။
လီဂါနက်စ်ကို ရှုံးနိမ့်ပြီး ပွဲအပြီးမှာ ပီဒရီက “ကျွန်တော်တို့ ဒီထက်ပိုကောင်းတဲ့ခြေစွမ်းနဲ့ ပွဲကိုစတင်ကစားနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့အသင်းက အိမ်ကွင်းရော၊ အဝေးကွင်းမှာပါ ဘယ်အသင်းကိုမဆိုဂိုးသွင်းနိုင်စွမ်းရှိလို့ ပြိုင်ဘက်က ဂိုးဧရိယာထဲမှာ ကျွန်တော်တို့ကို အသည်းအသန်ပိတ်ဆို့ကစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တာပါပဲ”
“ပွဲစဉ်တိုင်းမှာ အနိုင်ရဖို့ဆိုရင် ပြိုင်ဘက်ရဲ့ဂိုးရှေ့မှာ ဒီထက်ပိုပြီး ထက်မြက်နေဖို့လိုအပ်ပါတယ်။ လာလီဂါမှာ တိုးတက်ဖို့လိုအပ်နေပါတယ်။ အခုတော့ အသင်းကရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့နေပါတယ်။ နောက်ထပ်ကစားရယ့်ပွဲတွေအများကြီးကျန်သေးတယ်လို့ ကျွန်တော်တို့ ဆင်ခြေပေးလို့မရပါဘူး။ ချန်ပီယံလိဂ်မှာ တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုကို လာလီဂါမှာလည်း အသုံးချနိုင်ဖို့လိုအပ်နေပါပြီ” လို့ပြောကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အစမှာ ဘာစီလိုနာအနေနဲ့ လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်ချင်တယ်ဆိုရင်တော့ အက်သလက်တီကိုကို အနိုင်ကစားသွားရမှာဖြစ်ပြီး ရှံးနိမ့်ခဲ့မယ်ဆိုရင်တော့ အဆင့် ၁ ကနေဖယ်ပေးသွားရမှာဖြစ်ပါတယ်။