The network connection is lost.

Banner Image

ဝေဖန်မှုတွေကနေ ရုန်းထပြီး ယူနိုက်တက်ကို ပြောင်းလဲပေးမယ့် အိုနာနာ

အိုနာနာဟာ ယူနိုက်တက်ဂိုးသမားနေရာအတွက် အသွင်ပြောင်းခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဂိုးသမားတစ်ယောက်အကြောင်း အရေးတယူပြောဆိုလေ့မရှိကြပေမယ့်အင်တာမီလန်မှ ပေါင် ၄၃ သန်း၀န်းကျင်ဖြင့် ခေါ်ယူရန် ယူနိုက်တက်ကမျှော်လင့်နေတဲ့ ကင်မရွန်းနိုင်ငံသားက တန်ဟက်ရဲ့ ယူနိုက်တက်ကို ပိုကောင်းမွန်တဲ့ နောက်တစ်ဆင့်ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

တန်ဟက်ဟာ ဒီဂီယာနဲ့ ဆန့်ကျင်ဘက် ပုံစံရှိတဲ့ အိုနာနာကိုခေါ်ယူပြီး ၎င်းရဲ့နည်းဗျူဟာအတိုင်း အသင်းကို ရှေ့ဆက်လိုနေပါတယ်။ ဒီဂီယာသည် ဘရန်းဖို့ဒ်၊ ၀က်စ်ဟမ်းနဲ့ ဆီဗီလာတို့ပွဲစဉ်တွေမှာ အမှားအယွင်းပြုလုပ်ခဲ့ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် ဂမ်ဒိုဂန်သွင်းယူခဲ့တဲ့အနိုင်ဂိုးဟာလည်း သူ့တာ၀န်သာဖြစ်ခဲ့ပါတယ်။
အထူးသဖြင့် ယူနိုက်တက်နောက်တန်း ကစားသမား မာတီနက်ဇ် ဘောလုံးဖြန့်ဝေရန်အခက်အခဲရှိနေချိန်မှာ ဒီဂီယာဟာ သူနဲ့မဆိုင်သလို ရပ်ကြည့်နေတတ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ခြေစွမ်းရောလက်စွမ်းပါ ပြသခဲ့သော အိုနာနာဟာ ဘောလုံးကို သက်တောင့်သက်သာကိုင်ထားနိုင်ပြီး နောက်တန်းကစားသမားတိုင်း ယုံကြည်စိတ်ချရမယ့် အကောင်းဆုံးပုံစံရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက စီးရီးအေပွဲစဉ်တွေမှာလည်း အိုနာနာက ခြေစွမ်းပြခဲ့ပြီး အကွာအဝေးတိုပေးပို့မှု ၂၂၄ ကြိမ်မှာ ၉၈ ရာခိုင်နှုန်းအထိ တိကျအောင်ပေးပို့နိုင်ကြောင်း FBref သတင်းရင်းမြစ်များအရသိရပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးများထံ ကန်တင်ပေးတဲ့ ပေးပို့မှုများမှာလည်း ၅၄ ဒဿမ ၇ ရာခိုင်နှုန်းအထိ ပစ်မှတ်ကိုရောက်ရှိခဲ့ပါတယ်။
အိုနာနာဟာ စုစုပေါင်းပေးပို့မှု ၁၀၃၀ ကြိမ်တွင် ၈၁ ဒဿမ ၃ ရာခိုင်နှုန်းအထိ တိကျခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရာသီက အင်တာမီလန်ရဲ့ နံပါတ် ၁ ဂိုးသမား ဟန်ဒါနိုဗစ် ကိုကျော်ဖြတ်ပြီး နေရာပေးခံခဲ့ရတာဖြစ်ပါတယ်။ ဒီဂီယာကတော့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ၃၈ ပွဲတွင် ပေးပို့တိကျမှုမှာ ၇၁ ဒဿမ ၁ ရာခိုင်နှုန်းသာရှိပါတယ်။ ဒါကြောင့် အိုနာနာက ဘောလုံးပေးပို့ဖြန့်ဖြူးမှုမှာ ဒီဂီယာထက် အပြတ်အသတ်သာလွန်နေပါတယ်။

တန်ဟက်ဟာ ဘောလုံးကိုကိုင်ထားပြီး ပွဲကိုထိန်းချုပ်ကစားလိုသူဖြစ်ပါတယ်။ ဒါပေမယ့်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ဘောလုံးထိန်းချုပ်နိုင်မှု လုံလုံလောက်လောက်မရရှိခဲ့ဘဲ အထူးသဖြင့် အဝေးကွင်းပွဲစဉ်များတွင် ဘောလုံးပိုင်ဆိုင်မှု သိသိသာသာလျော့နည်းခဲ့ပါတယ်။ ဒါကြောင့် ဘောလုံးကိုင်ထားနိုင်တဲ့ အိုနာနာဟာ အသင်းရဲ့လိုအပ်ချက်နဲ့ ကွက်တိဖြစ်လာနိုင်ပြီး အဆိုပါဂိုးသမားဟာ ဗဟိုနောက်ခံလူနှစ်ယောက်ရဲ့ အရှေ့ထိရောက်အောင်သွားပြီး ဘောလုံးကိုင်ထားနိုင်သူဖြစ်ပါတယ်။

ဒီဂီယာက ဂိုးတိုင်နဲ့ကပ်နေချိန်မှာ အိုနာနာဟာ ဂိုးကနေ အရှေ့ကို ကိုက် ၂၀-၃၀ လောက်ထိ ရောက်နေတတ်သူဖြစ်ပါတယ်။ ဂိုးသမားဟာ ဗဟိုခံစစ်မှူးနှစ်ယောက်ဖြစ်တဲ့ မာတီနက်ဇ်နဲ့ ဗာရာန်းတို့ကိုကျော်ဖြတ်ကာ  တိုက်စစ်ကိုပုံဖော်မယ့် ကွင်းလယ်အစွန်းရှိ လုခ်ရှော သို့မဟုတ် ၀မ်ဘစ်ဆာကာ တို့ဆီရောက်ရှိအောင် ဘောလုံးပေးပို့နိုင်ရပါမယ်။ တကယ်လို့ အဆိုပါကစားသမားနှစ်ယောက်က လူကပ်ကစားခံထားရလျှင်လည်း ဂိုးသမားဟာ တိုက်စစ်ကိုပိုမိုမြန်ဆန်စေဖို့ ရှေ့တန်းရှိ မားကက်ရက်ရှ်ဖို့ဒ် ၊ အန်တိုနီ ၊ ဂျေဒန်ဆန်ချို အစရှိတဲ့တိုက်စစ်မှူးတွေဆီရောက်အောင် ဘောလုံးပေးပို့နိုင်ရပါမယ်။

အင်တာမီလန်တိုက်စစ်မှူးများ ဖြစ်ကြတဲ့ လူကာလူ၊ ဒီဇီကိုနဲ့ မာတီနက်ဇ်တို့ဟာ ဘောလုံးအထိန်းအသိမ်း ကျွမ်းကျင်ကြတာကြောင့် အိုနာနာရဲ့တိုက်ရိုက်ပေးပို့မှုတွေက အသင်းအတွက် အသုံး၀င်တဲ့လက်နက်တွေဖြစ်လာပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲ မတိုင်ခင်က ဂွာဒီယိုလာထောက်ပြခဲ့တဲ့အတိုင်း အိုနာနာဟာ ဖိအားပေးကစားတတ်တဲ့ မန်စီးတီးကစားသမားတွေကို ၎င်းတို့ရဲ့ပုံမှန်နေရာမနေနိုင်အောင် ဒုက္ခပေးနိုင်ခဲ့ပါတယ်။  ယူနိုက်တက်ဟာ မန်စီးတီးလို ဖိအားပေးပြီး မကစားသလို နောက်တန်းကိုလွှတ်ပြီး ကစားရာမှာကျွမ်းကျင်မှုမရှိတာကြောင့် အိုနာနာဟာ အသင်းအတွက် အကူအညီကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။

၂၀၂၂-၂၃ ရာသီမှာ အိုနာနာဟာ အင်တာမီလန်အတွက် လိဂ်ပွဲ ၂၄ ပွဲသာကစားခဲ့ပြီး ဂိုးရရှိနိုင်ရန် စွမ်းဆောင်မှု ၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီဂီယာကတော့ ပွဲစဉ် ၃၈ ပွဲမှာ ၅ ကြိမ်သာ စွမ်းဆောင်နိုင်ခဲ့တာပါ။ ဒါကြောင့် အိုနာနာရဲ့ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်ထားနိုင်မှု၊ ပြိုင်ဘက်ကဖိအားပေးလာတဲ့ အန္တရာယ်ရှိသောအခြေအနေများမှာ တည်တည်ငြိမ်ငြိမ်ရှိမှုနဲ့ တိကျတဲ့ဘောလုံးဖြန့်ဝေခြင်း ပိုင်ဆိုင်ထားမှုတို့ဟာ ဒီဂီယာကို အဆင့်မြှင့်တင်ထားသကဲ့သို့ ဖြစ်နေပါတယ်။ ဒါကြောင့် အိုနာနာဟာ ယူနိုက်တက်ကို ပြီးခဲ့တဲ့ရာသီက မန်စီးတီး၊ အာဆယ်နယ်၊ လီဗာပူး တို့လို့ နောက်တန်းကိုစိတ်ချရတဲ့ အသင်းဖြစ်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အိုနာနာဟာ ပုံစံမျိုးစုံ ပြောင်းလဲကစားနိုင်တဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး ယူနိုက်တက် အမှုဆောင်ချုပ် ရစ်ချတ်အာနိုးရဲ့ပေါ်လစီအရ ယခုကာလမှာအသင်းရဲ့ ကစားသမားတွေကို ပိုမိုဂရုတစိုက် ဖော်ထုတ်ပြသသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာလည်း အိုနာနာက သူ့ခြေထောက်ထဲမှာ ဘောလုံးကိုင်ပြီးကစားချင်ကြောင်း နည်းပြကိုထုတ်ပြောမိရာမှ ကင်မရွန်းနည်းပြ ရီဂိုဘက်ဆောင်းနဲ့ ပြဿနာဖြစ်ပြီး လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ထိုစဉ်က ဆောင်းဟာ "အိုနာနာက လေ့ကျင့်ရေးအစီအစဉ်တွေမှာ ဘောလုံးကိုင်ကစားနိုင်ကြောင်း အကြိမ်ကြိမ်ပြသခဲ့ပေမယ့် တကယ့်ပွဲကြီးမှာတော့ အန္တာရာယ်ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်သူ့ကို 'ဘောလုံးကို ကိုင်မထားနဲ့ အန္တာရာယ်ရှိတယ်၊ ဝေးဝေးကိုသာ ကန်ထုတ်ပစ်လိုက်ပါ' လို့ထပ်ခါတလဲလဲပြောခဲ့ပါတယ်"ဟု ပြောကြားခဲ့ပါတယ်။

ကင်မရွန်းလက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားအဖွင့်ပွဲဖြစ်တဲ့ ဆွန်ဇာလန်အသင်းနဲ့ပွဲစဉ်ကို ကစားပေးခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်ကာ နိုင်ငံအသင်းအတွက် စုစုပေါင်း ၃၄ ပွဲအထိကစားခဲ့တဲ့ အိုနာနာဟာ အခုအခါနိုင်ငံ့လက်ရွေးစင် အသင်းကနေ အနားယူလိုက်ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဂန္တ၀င် ရီယိုဖာဒီနန်က အိုနာနာဟာ ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ရုန်းကန်ရဦးမှာဖြစ်လို့ အမှားတွေရှိလာနိုင်ကြောင်း ပရိသတ်တွေကို သတိပေးထားပါတယ်။

ဖာဒီနန်က အိုနာနာကိုချီးကျူးခဲ့ပြီး "သူက အသင်းအတွက် ကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်မယ်လို့ထင်ပါတယ်။ သူ့ကိုပွဲထဲမှာ ပြိုင်ဘက်အသင်းက ဖိအားပေးလာရင်တောင် အထိန့်တလန့်ဖြစ်နေတဲ့ပုံစံမျိုး မမြင်ဖူးပါဘူး" လို့ပြောကြားခဲ့ပါတယ်။

၂၀၁၇ ဒီဇင်ဘာလမှာ အေဂျက်စ်ကို စတင်ကိုင်တွယ်ခဲ့တဲ့ တန်ဟက်အတွက် အိုနာနာက နံပါတ် ၁ ဂိုးသမားဖြစ်လာခဲ့ပြီး ၎င်းဟာတားမြစ်ဆေးဥပဒေကြောင့် ဘောလုံးကစားခွင့်ရပ်နားခဲ့ရတဲ့ ၂၀၂၁ ဖေဖော်ဝါရီလအထိ အသင်းရဲ့ နံပါတ် ၁ ဂိုးသမားနေရာမှာပဲရပ်တည်ခဲ့ပါတယ်။ တားမြစ်ဆေးသုံးစွဲမှုနဲ့ ယူအီးအက်ဖ်အေက အိုနာနာကို ၁၂ လ အထိ ဘောလုံးကစားခွင့်ပိတ်ပင်ခဲ့သော်လည်း နောက်ပိုင်းတွင် ၉ လ အထိလျှော့ချပေးခဲ့ပါတယ်။ သို့သော်တန်ဟက်က အိုနာနာကို အသင်းရဲ့အကောင်းဆုံး ဂိုးသမားဖြစ်ကြောင်း လူသိရှင်ကြားထုတ်ဖော်ခဲ့ပြီး ၂၀၂၁-၂၂ အကုန်တွင်လည်း နံပါတ် ၁ ဂိုးသမားအဖြစ် ဆက်လက်နေရာပေးခဲ့တာကြောင့် ၎င်းတို့နှစ်ဦးအကြားဆက်ဆံရေးမှာ အလွန်ကောင်းမွန်ခဲ့ပါတယ်။ သို့သော် နောက်ပိုင်းတွင် အိုနာနာမှာ နံပါတ် ၁ ဂိုးသမားဖြစ်ရန်အာမခံချက်မရှိတော့ဘဲ တန်ဟက်ကလည်း ၎င်းရဲ့ကြ့ခိုင်ရေးအပေါ် ကျေနပ်မှုမရှိခဲ့ပေ။

ဂိုးသမားဟာ တိုးတက်မှုရှိအောင်မကြိုးစားဘဲ သူ့ကိုလှောင်ပြောင်ခဲ့တဲ့ အသင်းရဲ့ပရိသတ်တွေကို ပြန်လည်တုံ့ပြန်ခဲ့ပြီး အေဂျက်စ်မှထွက်ခွာဖို့ ပြင်ဆင်လာခဲ့ပါတယ်။  ထို့နောက် အိုနာနာဟာ  PSVနဲ့ ကစားတဲ့ နယ်သာလန်ဖလားဗိုလ်လုပွဲမှာ တန်ဟက်ရဲ့ချန်လှပ်မှုကို ခံခဲ့ရပြီးနောက်  အေဂျက်စ်မှထွက်ခွာကာ အင်တာမီလန်သို့ရောက်ရှိလာခဲ့ပါတယ်။  
ဒါပေမယ့် အခုအခါမှာတော့ တန်ဟက်ဟာ သူ့ရဲ့တပည့်ဟောင်းနဲ့ပြန်လက်တွဲလိုပြီး ဒီဂီယာကိုလည်းအသင်းမှ ရှင်းထုတ်ပြီးဖြစ်တာကြောင့် အိုနာနာအတွက် သဘောတူညီမှုကို မကြာမီမှာပဲအဆုံးသတ်နိုင်တော့မယ်လို့ ယုံကြည်နေပါတယ်။ တကယ်လို့  အပြောင်းအရွှေ့သာအတည်ဖြစ်ခဲ့ပါက ယူနိုက်တက်ဟာ နောက်ရာသီအတွက် ခြေလှမ်းပေါင်းများစွာလှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။