
ဒါဘီနိုင်ပွဲအပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကြိုးစားအားထုတ်မှုအတွက် အားရကျေနပ်နေတဲ့ အန်ဆယ်လော့တီ
ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပထမအကျော့အဖြစ် ဘာနေဗျူးကွင်းမှာ အက်သလက်တီကိုမက်ဒရစ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက သူ့အသင်းရဲ့ဇွဲလုံ့လဝီရိယကြီးမားမှုကို အားရကျေနပ်နေခဲ့ပါတယ်။ အခုပွဲစဉ်မှာ ရိုဒရီဂိုရဲ့ဦးဆောင်ဂိုးကို အယ်လ်ဗာရက်ဇ်ချေပခဲ့ပြီးနောက် ဘရာဟင်ဒီယက်ဇ်က ဒုတိယပိုင်းပွဲချိန်အတွင်း အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
ဆက်လက်ပြီး ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ရီးရဲလ်မက်ဒရစ်အတွက် အပြတ်အသတ်အသာစီးရရှိစေမယ့် သေချာပေါက်ဂိုးကန်သွင်းခွင့်တွေကို ဗင်နီးစီးယက်စ်၊ အမ်ဘာပေတို့ ဖြုန်းတီးပစ်ခဲ့ပါတယ်။ ဒါပေမယ့် အန်ဆယ်လော့တီက အခုလိုအခွင့်အရေးကောင်းလွဲချော်မှုတွေအပေါ် ဝမ်းနည်းပူဆွေးနေခြင်း မရှိခဲ့ပါဘူး။
သူက အခုရာသီ၊ ဥရောပရဲ့အကောင်းဆုံးကလပ်အသင်းစာရင်းမှာ ပါဝင်တယ်လို့ယူဆထားတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ရလဒ်ရရှိမှုကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားလိုခဲ့ပြီး ချန်ပီယံဆုကာကွယ်နိုင်ရေးခရီးလမ်းမှာ ကျဉ်းမြောင်းတဲ့အသာစီးရရှိမှုတွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ သူရဲ့ကစားသမားတွေ ပိုမိုကြိုးစားသွားရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက “ ကလပ်အသင်းတွေအတွက် အခွင့်အရေးဆတူရှိနေတဲ့ ပွဲစဉ်တွေဖြစ်ပါတယ်။ ဒါက ဗိုလ်လုပွဲတစ်ခုလို (သို့မဟုတ်) ဆီမီးဖိုင်နယ်တစ်ခုလို ဖြစ်သွားနိုင်တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တစ်ခုပါ။ အက်သလက်တီကိုက ဥရောပရဲ့ထိပ်တန်းကလပ်အသင်းတစ်ခု ဖြစ်ပါတယ်။ ပထမအကျော့မှာတင် ဒီကလပ်အသင်းနှစ်ခုအကြားယှဉ်ပြိုင်မှု ပြီးဆုံးသွားပြီလို့ မယူဆနိုင်ပါဘူး။
ဒုတိယအကျော့ပွဲစဉ်အတွက် ယုံကြည်မှုပေးစွမ်းနိုင်မယ့် ကျဉ်းမြောင်းတဲ့အသာစီးရရှိမှုကို ကျွန်တော်တို့တွေ ရရှိခဲ့ပါပြီ။ ဒီလောက်ပါပဲ။ အက်သလက်တီကိုမက်ဒရစ်နဲ့ရင်ဆိုင်ရချိန် ထုံစံအတိုင်း ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့အသင်း ဘောလုံးဆုံးရှုံးမှု အလွန်များပြားခဲ့ပြီး မလိုအပ်တဲ့အမှားအယွင်းတွေမှတဆင့် ပေးဆပ်ရလုနီးပါး ဖြစ်ခဲ့ပါတယ်။ ပြိုင်ဘက်ကလည်း အယ်လ်ဗာရက်ဇ်ရဲ့သွင်းဂိုးနဲ့ ချေပဂိုးရရှိခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ကျွန်တော်တို့အသင်း ပိုကောင်းလာခဲ့ပါတယ်။ အသာစီးရရှိဖို့ လုပ်ဆောင်နိုင်စွမ်းရှိခဲ့သလို ဒါကို ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
အက်သလက်တီကိုမက်ဒရစ်နဲ့ အခုတစ်ကြိမ်ရင်ဆိုင်ရမှုက အမ်ဘာပေနဲ့ ဗင်နီးစီးယက်စ်အတွက် စိတ်ပျက်ဖွယ်ကောင်းခဲ့ပေမယ့် အန်ဆယ်လော့တီကတော့ သူ့ရဲ့ကမ္ဘာ့အဆင့်မီတိုက်စစ်အတွဲကို တားဆီးနိုင်ခဲ့တဲ့ ပြိုင်ဘက်ရဲ့ခံစစ်ပိုင်းအပေါ် ချီးကျူးပြောဆိုခဲ့ပါတယ်။
အန်ဆယ်လော့တီက “ အက်သလက်တီကိုမက်ဒရစ်ခံစစ်နဲ့ ရင်ဆိုင်ကစားရတာ လွယ်ကူတဲ့စမ်းသပ်မှုတစ်ခုလို့တော့ ကျွန်တော် မထင်မိပါဘူး။ ပွဲချိန်တလျှောက်လုံး ကျွန်တော်တို့တွေ အခွင့်အရေးအများကြီးမရရှိခဲ့သလို သူတို့နှစ်ဦးလုံးလည်း ကြိုးကြိုးစားစားကစားပေးခဲ့ကြပါတယ်။ ကျွန်တော်တို့အားလုံးသိထားကြတဲ့ သူတို့ရဲ့အရည်အသွေးတွေကို ပြသနိုင်ဖို့အတွက် အခွင့်အရေးတွေ မရရှိခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယအကျော့မှာ သူတို့နှစ်ဦးလုံး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။
အခုလိုမက်ဒရစ်ဒါဘီထိပ်တိုက်တွေ့ဆုံမှုမှာ အနိုင်ရရှိလာတဲ့အသင်းက နောက်တစ်ဆင့်အဖြစ် အာဆင်နယ်နဲ့ ရင်ဆိုင်ကစားသွားရဖို့ အတော်လေးနီးစပ်နေပါတယ်။ ဂန်းနားတွေက အင်္ဂါနေ့၊ ပထမအကျော့ပွဲစဉ်မှာ ဗီအက်စ်ဗွီကို ၇-၁ ဂိုးဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်တက်ရောက်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။