The network connection is lost.

Banner Image

မန်စီးတီးကနေ ထွက်ခွာခဲ့တဲ့အပေါ် ကိုင်လ် ဝေါ်ကာ နောင်တရမိတဲ့ အချက်တစ်ချက်

အင်္ဂလန် ကြယ်ပွင့် ကိုင်လ် ဝေါ်ကာဟာ ဒီနွေရာသီမှာ မန်စီးတီးကနေ ဘန်လေကို ပြောင်းရွှေ့ခဲ့ပေမဲ့ ပွဲကစားချိန် ပိုရဖို့အတွက် ဒီနှစ်အစောပိုင်းမှာ အေစီမီလန်ကို အငှားနဲ့ သွားရောက် ပူးပေါင်းခဲ့ပါတယ်။ ကိုင်လ် ဝေါ်ကာက ဇန်နဝါရီလတုန်းက မန်စီးတီးကို စွန့်ခွာပြီး အေစီမီလန်ကို ပြောင်းရွှေ့ခဲ့တာဟာ "အတ္တကြီးခဲ့မိတယ်" လို့ ယုံကြည်နေပါတယ်။ အင်္ဂလန် နောက်ခံလူဟာ ပက် ဂွါဒီယိုလာရဲ့ အသင်း ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်မှာ စီးရီးအေသို့ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

စပိန်နိုင်ငံသားနည်းပြ ရောက်လာပြီးနောက်ပိုင်း အဆိုးဆုံး ခြေစွမ်းကို ကြုံတွေ့ခဲ့ရပြီး ချန်ပီယံဆု လေးကြိမ် ဆက်တိုက် ရယူထားတဲ့ စီးတီးဟာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက်တောင် ရုန်းကန်နေရပါတယ်။ အဲဒီအချိန်က ကပ္ပတိန် ဖြစ်တဲ့ ဝေါ်ကာဟာ ရာသီဝက်မှာ ထွက်ခွာခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်လို့ ပြန်တွေးမိပါတယ်။

အသက် ၃၅ နှစ်အရွယ် ကစားသမားဟာ အပြောင်းအရွှေ့ ပြီးမြောက်ပြီးနောက် အီတလီ ဘီလူးကြီးအတွက် ၁၆ ပွဲ ကစားခဲ့ပေမဲ့ ရာသီကုန်ခါနီးမှာတော့ ပွဲထွက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ အေစီမီလန်အသင်းဟာ ဝေါ်ကာကို အပြီးသတ် ခေါ်ယူမယ့် ရွေးချယ်ခွင့်ကို အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ကစားသမားဟာ ဒီနွေရာသီမှာ ဘန်လေကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဝေါ်ကာဟာ အီတီဟက်မှာ နောက်ဆုံး ခြောက်လတာ ကာလကို အသင်းနဲ့အတူ မဖြတ်သန်းခဲ့ဘဲ ပွဲကစားချိန် ပိုရဖို့ ရှာဖွေခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ သူက Sky Sports ကို အခုလို ပြောပြခဲ့ပါတယ်။

"ကျွန်တော် ထွက်ခွာပြီး အေစီမီလန်ကို အငှားသွားသင့်လား။ ကျွန်တော်က ကလပ်ရဲ့ ကပ္ပတိန်ပါ။ အခြေအနေတွေ တကယ် မကောင်းတဲ့အခါ အရင်ဆုံး တာဝန်ယူရမယ့်သူက သင်ပဲ" "ရာသီရဲ့ အဲဒီအချိန်တုန်းက ကျွန်တော် ထွက်သွားသင့်လား။ အခု ပြန်ကြည့်ရင် မသွားသင့်ဘူး ဖြစ်လိမ့်မယ်" "ကျွန်တော့်ရဲ့ အသင်းဖော်တွေ၊ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော် မိသားစုလို့ သတ်မှတ်တဲ့သူတွေရဲ့ ဘေးမှာ ဒါမှမဟုတ် အနားမှာ ရပ်တည်သင့်ပါတယ်။ ဒါပေမဲ့ ပထမဆုံးအကြိမ်လို့ ဆိုနိုင်တဲ့ ကျွန်တော့် ကစားသမားဘဝမှာ ကျွန်တော်ဟာ အတ္တကြီးခဲ့ပြီး ကိုယ့်အကြောင်းကိုပဲ တွေးခဲ့တယ်။ ဘောလုံး ကစားချင်ခဲ့တယ်"

"ဒါကို ဆိုးတဲ့ အကြောင်းပြချက်လို့တော့ ကျွန်တော် မမြင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က အရန်ခုံမှာ ထိုင်နေရတာနဲ့ ဒီမှာတစ်ပွဲ၊ ဟိုမှာတစ်ပွဲ ကစားနေရတာကို မပျော်ဘူး။ ကျွန်တော်ဟာ အဆင့်မြင့်တဲ့ အနေအထားမှာ ကစားနိုင်သေးတယ်ဆိုတာ သက်သေပြစရာ အချက်တစ်ချက် ရှိနေသေးတယ်လို့ ခံစားခဲ့ရတယ်"

"အေစီမီလန်လို ကလပ်တစ်ခုက ကမ်းလှမ်းလာတဲ့အခါ ကျွန်တော် ငြင်းပယ်နိုင်မယ်လို့ မထင်ခဲ့ဘူး။ နွေရာသီမှာ ပြန်ရောက်လာတော့ ကျွန်တော် ပြန်လည် ဆင်ခြင်သုံးသပ်ဖို့ အချိန်ရခဲ့ပါတယ်" "ဒါပေမဲ့ ကျွန်တော် နိုင်ငံခြားမှာ ကစားချင်ခဲ့ပြီး အတွေ့အကြုံ ရယူချင်ခဲ့တာကြောင့် နောင်တမရပါဘူး။ ခြောက်လတာ ကာလကို လုပ်ခဲ့ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော် နည်းနည်း ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်" လို့ သူက ပြောပါတယ်။