The network connection is lost.

Banner Image

မန်စီးတီးရဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်းမှာ ဒီဘရိုင်းပါဝင်ခြင်းမရှိ

မန်ချက်စတာစီးတီးကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် အသင်းရဲ့လူစာရင်းမှာ ပါဝင်ခြင်းမရှိဘူးလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 

Daily Star သတင်းဌာနရဲ့ဖော်ပြချက်အရ အသက်-၃၃ နှစ်အရွယ်ကစားသမားဟာ အသင်းသစ်သို့ပြောင်းရွှေ့ရာမှာ ဒဏ်ရာပြဿနာကင်းလိုတာကြောင့် အဆိုပါပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုခြင်းမရှိဘူးလို့ သိရပါတယ်။ ဒီဘရိုင်းဟာ မန်စီးတီးနဲ့ ဇွန်လ ၃၀ ရက်နေ့အထိသာ စာချုပ်သက်တမ်းကျန်ရှိတော့တာလည်း ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ စာချုပ်သက်တမ်းကုန်ဆုံးသွားပါက အသင်းကနေ ထွက်ခွာသွားတော့မယ်လို့လည်း အတည်ပြုထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ 

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဇွန်လ ၁၄ ရက်နေ့မှာစတင်ပြီး ဇူလိုင်လ ၁၃ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်လို့ မန်စီးတီးအနေနဲ့ ဒီဘရိုင်းကို ၂ ပတ်သက်တမ်းတိုးပြီး ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်စေဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။ သို့သော်လည်း ကွင်းလယ်လူကတော့ အသင်းသစ်တွေနဲ့သာ ဆွေးနွေးညှိနှိုင်းဖို့ အချိန်ယူလိုနေတာဖြစ်ပါတယ်။ ယခုနှစ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းမှ အသင်း ၃၂ သင်းဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မန်စီးတီးဟာ မော်ရိုကိုကလပ် ဝိုင်ဒက်၊ အေအက်ဖ်စီချန်ပီယံ အယ်လ်အင်း၊ ဂျူဗင်တပ်စ်တို့နဲ့ အုပ်စုတစ်ခုတည်းမှာ ကျရောက်နေပါတယ်။ 

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်သွားမှာမဟုတ်တာကြောင့် ဒီဘရိုင်းအနေနဲ့ မန်စီးတီးအတွက် စုစုပေါင်း ၈ ပွဲသာ ကစားဖို့ ကျန်ရှိပါတော့တယ်။ လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီဘရိုင်းတစ်ယောက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာမလား စောင့်ကြည့်ရပါမယ်။