The network connection is lost.

Banner Image

သတင်းသမားကို အပြင်းအထန်ဝေဖန်ခဲ့ပြီး တော့တင်ဟမ်မှာ အလုပ်တွေ မပြီးသေးဘူးလို့ ဆိုလိုက်တဲ့ ပိုစတီကိုဂလူ

ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် ပေါက်ကွဲလောင်မြိုက်နေတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပိုစတီကိုဂလူက တော့တင်ဟမ်အသင်းမှာ သူ့ရဲ့အလုပ်တွေ မပြီးသေးဘူးလို့ ပြောဆိုလိုက်ပြီး သူ့အသင်းနဲ့ပတ်သက်လို့ သတင်းမီဒီယာတစ်ခုရဲ့ဖော်ပြမှုကိုလည်း အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။

တော့တင်ဟမ်က ဗုဒ္ဓဟူးညပိုင်း၊ ဘီလ်ဘာအိုမှာ မန်ချက်စတာယူနိုက်တက်နဲ့အတူ ခမ်းနားကြီးကျယ်လှတဲ့ပွဲစဉ်တစ်ခုကို ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး နှစ်ပေါင်းများစွာကြာ ဆုဖလားလက်မဲ့ဘဝကို အဆုံးသတ်ဖို့ ကြိုးပမ်းသွားပါလိမ့်မယ်။မြောက်လန်ဒန်ကလပ်အသင်းက ၁၉၈၄ ခုနှစ်၊ ယူအီးအက်ဖ်အေဖလားချန်ပီယံဖြစ်ပြီးနောက် ဥရောပအဆင့်ဆုဖလားအောင်ပွဲနဲ့ဝေးကွာခဲ့သလို ၂၀၀၈ ခုနှစ်၊ လိဂ်ဖလားအောင်ပွဲရရှိပြီးနောက် အဓိကမေဂျာဆုဖလားတွေရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ရာသီပိတ်လိဂ်ပွဲစဉ်ကစားရဖို့ကျန်ရှိနေချိန်မှာပဲ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၇ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်က ၁၉၇၆-၁၉၇၇ ဘောလုံးရာသီ၊ အမှတ်ပေးဇယားအဆင့်-၂၂ နေရာဖြင့် ဒုတိယတန်းဆီ တန်းဆင်းခဲ့ရပြီးနောက် အဆိုးဝါးဆုံးအမှတ်ပေးဇယားရပ်တည်မှုနဲ့အတူ ရာသီသိမ်းရဖို့လည်း နီးစပ်နေပါတယ်။

အခုဘောလုံးရာသီတလျှောက်လုံး သူ့အသင်းနဲ့ပတ်သက်တဲ့ အဖြစ်အပျက်များစွာအပေါ် သတင်းမီဒီယာတွေရဲ့ဖော်ပြမှုကို ပေါက်ကွဲခဲ့တဲ့ ပိုစတီကိုဂလူက အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲမှာလည်း London Standard သတင်းဌာနရဲ့ သတင်းထောက်တစ်ဦးကို ဒေါသတကြီးဝေဖန်သွားခဲ့ပါတယ်။

ဒီသတင်းစာက ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် ပိုစတီကိုဂလူရဲ့တော့တင်ဟမ်အမွေအနှစ်အကြောင်းဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပြီး ဒီဆောင်းပါးမှာ သြစတြေးလျသားနည်းပြကို အစွန်းနှစ်ဖက်အကြား ယိမ်းထိုးနေသူလူရွှင်တော်တစ်ဦးအဖြစ် ရေးသားခဲ့ပါတယ်။

ဘီလ်ဘာအိုမြို့ဆီ တော့တင်ဟမ်အသင်းရောက်ရှိလာပြီးနောက် သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ပိုစတီကိုဂလူက “ မနက်ဖြန်ပွဲစဉ်နဲ့ပတ်သက်လို့ ခင်ဗျားတို့ကို တစ်ခုတော့ပြောချင်ပါတယ်။ ကျွန်တော်က အစွန်းနှစ်ဖက်အကြားမှာ ယိမ်းထိုးနေတဲ့ လူရွှင်တော်တစ်ဦးမဟုတ်သလို အဲ့ဒီလိုမျိုးလည်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

မျက်နှာသာပေးမှုတစ်ခုမှမရှိဘဲ အသင်းကို ယူရိုပါလိဂ်ဖိုင်နယ်ရောက်ရှိအောင် လုပ်ဆောင်ပေးထားသူအပေါ် လွန်လွန်ကျူးကျူးရေးသားထားမှုကို ကျွန်တော် အတော်လေးစိတ်ပျက်မိပါတယ်။ ခင်ဗျားတို့ပြောသလိုဆိုရင် အောင်မြင်မှုမရရှိချိန်မှာ ကျွန်တော်က လူရွှင်တော်တစ်ဦးဖြစ်ရမယ်ပေါ့။ ကျွန်တော်တော့ ဒီမေးခွန်းကို ဘယ်လိုပြန်ဖြေပေးရမလဲဆိုတာတောင် မသိတော့ပါဘူး”လို့ ပြောပါတယ်။

ဆက်လက်ပြီး လက်ရှိရာထူးနေရာနဲ့ပတ်သက်လို့ ဆဲလ်တစ်နည်းပြဟောင်းက “ တော့တင်ဟမ်မှာ ကျွန်တော့်ရဲ့အလုပ်တွေ ပြီးမြောက်သွားပြီလို့ မထင်ပါဘူး။ ကျွန်တော်တို့တွေ ဒီအသင်းမှာ တစ်ခုခုကို တည်ဆောက်နေတယ်လို့ ခံစားရပြီး ဆုဖလားတစ်လုံးသာ ရရှိလာမယ်ဆိုရင် ဒီတည်ဆောက်မှု ပိုပြီးမြန်ဆန်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ကျွန်တော့်မှာ လုပ်စရာတွေ အများကြီးရှိနေသေးတယ်လို့ ယူဆမိပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ကြုံတွေ့ခဲ့တဲ့ စိန်ခေါ်မှုက အတော်လေးသိသာထင်ရှားပြီး ကျွန်တော်မြင်တွေ့ချင်တဲ့ တိုးတက်မှုအချို့လည်း ရှိလာခဲ့ပါတယ်။ တိုးတက်မှုအချို့ရှိလာပြီလို့ ကျွန်တော်ခံစားမိပြီး ဒါက ဒီကလပ်အသင်းကို ရှိသင့်ရှိထိုက်တဲ့နေရာဆီ ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။ ပိုစတီကိုဂလူက ဥရောပအဆင့်မေဂျာဆုဖလားဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်တဲ့ ပထမဆုံးသြစတြေးလျသားနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။