
ဒူးအရွတ်ဒဏ်ရာကြောင့် သီတင်းပတ်ရှစ်ပတ်ထက်မနည်း အနားယူရဖွယ်ရှိတဲ့ လီဗရာမန်တို
ဒူးအရွတ်ဒဏ်ရာကြောင့် ကြယ်ပွင့်ခံစစ်မှူးလီဗရာမန်တို သီတင်းပတ်ရှစ်ထက်မနည်း အနားယူရဖွယ်ရှိနေမှုနဲ့အတူ နယူးကာဆယ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ရှိလာခဲ့ပါတယ်။ လီဗရာမန်တိုက ပြီးခဲ့တဲ့သီတင်းပတ်၊ အာဆင်နယ်နဲ့ပွဲစဉ်မှာ ဆာလီဘာနဲ့ရင်ဆိုင်ရပြီးနောက် ဒီဒဏ်ရာကို ရရှိခဲ့တာပါ။ ကစားသမားကို အသင်းဆေးအဖွဲ့က ချက်ချင်းကုသပေးခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာတော့ ထမ်းစင်ဖြင့် ကွင်းတွင်းမှ ခေါ်ယူသွားခဲ့ပါတယ်။
နယူးကာဆယ်အတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး ဂန်းနားတွေနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာလည်း အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုးပြသခဲ့တဲ့ လီဗရာမန်တိုထွက်ခွာသွားပြီးနောက် စိန့်ဂျိမ်းစ်ပတ်ခ်မှာ လာရောက်ယှဉ်ပြိုင်ကစားတဲ့ ဧည့်သည်တွေလည်း ချေပဂိုး၊ အနိုင်ဂိုးတို့ကို ရရှိသွားခဲ့ပါတယ်။
ပွဲစဉ်အပြီး ကြယ်ပွင့်နောက်ခံလူကာလရှည်အနားယူသွားရမယ့်အရေးကို နယူးကာဆယ်နည်းပြဟိုဝီလည်း စိုးရိမ်တကြီးဖြစ်နေခဲ့ပါတယ်။ ဟိုဝီက “ အသင်းအတွက် အလွန်အရေးကြီးတဲ့ကစားသမားတစ်ဦးဖြစ်လို့ ကျွန်တော်လည်း စိုးရိမ်နေပါတယ်။ လီဗရာမန်တိုက အခုဘောလုံးရာသီစတင်ချိန်ကတည်းက ခမ်းနားတဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့ပါတယ်။ သူက ကြီးကျယ်ခမ်းနားလှတဲ့ကစားသမားတစ်ဦးဖြစ်လို့ သူ့ကိုသာ ဆုံးရှုံးရမယ်ဆိုရင် ကျွန်တော်တို့အတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။
Sky Sports သတင်းဌာနရဲ့အဆိုအရ လီဗရာမန်တိုဟာ သီတင်းပတ်ခြောက်ပတ်မှ ရှစ်ပတ်အထိ အနားယူသွားရလိမ့်မယ်လို့ သိရပါတယ်။ သူ့အတွက် ဒဏ်ရာအခြေအနေအတိမ်အနက်ကို အတိအကျသိရဖို့ အင်္ဂါနေ့မှာ နောက်ထပ်စစ်ဆေးစမ်းသပ်မှုတွေပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ လီဗရာမန်တိုက ကာလရှည်အနားယူရတဲ့ ပြင်းထန်ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိသွားတာတော့ မဟုတ်ပါဘူး။ ဟိုဝီရဲ့အသင်းက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီသစ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ရာသီအဖွင့်ခြောက်ပွဲကစားပြီးချိန် တစ်ပွဲသာအနိုင်ရရှိကာ အမှတ်ပေးဇယားအောက်ပိုင်းမှာ ရောက်ရှိနေပါတယ်။