
နယူးကာဆယ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်အနေနဲ့ သူ့ကိုယ်သူသက်သေပြရမယ်လို့ ဟန်ဆီဖလစ် တိုက်တွန်း
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က အသင်းရဲ့တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲမှာ သူ့ရဲ့အစွမ်းအစကို သက်သေပြသွားရမယ်လို့ တိုက်တွန်းပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်ကို ကြယ်ပွင့်ကစားသမား လာမိုင်းယာမယ်လ်က ပေါင်ခြံဒဏ်ရာနဲ့ လွဲချော်သွားမှာဖြစ်လို့ ဘာစီလိုနာဟာ ရာဖင်ဟာကို ညာတောင်ပံနေရာမှာထားကာ ရက်ရှ်ဖို့ဒ်ကို ဘယ်တောင်ပံကစားသမားအဖြစ် ပွဲထုတ်လာဖို့ ပြင်ဆင်ထားပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗလန်စီယာကို ၆-၀ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ ယခုတစ်ခါမှာလည်း နောက်ထပ် အခွင့်အရေးထပ်ရလာခဲ့တာဖြစ်ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဖလစ်က "မနက်ဖြန်ပွဲမှာ ယာမယ်လ်ပါဝင်မှာမဟုတ်ပါဘူး။ တနင်္ဂနွေနေ့ ဂီတာဖေးနဲ့ပွဲမှာလည်း သူကစားနိုင်ဖို့ မသေချာသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ အားကောင်းတဲ့လူစာရင်းရှိပါတယ်။ တောင်ပံနေရာအတွက် မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အသုံးပြုသွားမှာဖြစ်ပြီး သူလုပ်နိုင်တယ်ဆိုတာ တနင်္ဂနွေနေ့မှာကတည်းက သက်သေပြပြီးပါပြီ။ အခု အင်္ဂလန်မှာသွားကစားမယ့်ပွဲမှာလည်း သူ ထပ်ပြီးတော့သက်သေပြနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
နွေရာသီအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်မှ အငှားစာချုပ်နဲ့ နူးကမ့်သို့ရောက်ရှိလာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် လာလီဂါပွဲစဉ် ၄ ပွဲစလုံး ဝင်ရောက်ကစားခွင့်ရထားပါတယ်။ ဆက်လက်ပြီး ဖလစ်က "သူ ယူနိုက်တက်မှာရှိကတည်းက ကျွန်တော် စောင့်ကြည့်နေခဲ့တာပါ။ သူ့လိုကစားသမားတွေက မယုံနိုင်လောက်အောင် စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။ သူ့ရဲ့အမြန်နှုန်းက အထင်ကြီးစရာကောင်းသလို၊ တစ်ဦးချင်းကျော်ဖြတ်မှုတွေကလည်း အရမ်းကောင်းပါတယ်။ သူ့ကို စတွေ့တဲ့ ပထမတစ်ပတ်အတွင်းမှာပဲ အရမ်းတော်တဲ့ကစားသမားဆိုတာ သိခဲ့ရပါတယ်။ အလားအလာရှိတဲ့ကစားသမားဖြစ်လို့ ကျွန်တော်တို့အသင်းအတွက် အားကိုးရမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်အထိသာ တက်လှမ်းနိုင်ခဲ့ပြီး ယခုရာသီမှာတော့ ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်မယ်လို့ ဖလစ်က ယုံကြည်နေပါတယ်။ ဂျာမန်သားနည်းပြက "ကျွန်တော်တို့ကစားတဲ့အချိန်တိုင်းမှာ ဖိအားရှိနေပေမယ့်၊ ဖိအားက အသင်းကို တိုးတက်စေပါတယ်။ အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီကထက် ဒီရာသီမှာ ပိုပြီးတော့ အခွင့်အရေးရှိနေတယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့ မြင်တွေ့ရမှာပါ" လို့ပြောကြားခဲ့ပါတယ်။