The network connection is lost.

Banner Image

ဝေဖန်ခံနေရတဲ့ အသင်းရဲ့ဂိုးသမား ဘယင်ဒါကို အာမိုရင်ကာကွယ်ပြောဆို

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က တနင်္ဂနွေ့ညက အာဆင်နယ်ကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အာဆင်နယ်ရဲ့သွင်းဂိုးကို လွယ်လွယ်ကူကူခွင့်ပြုပေးခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ အသင်းရဲ့ဂိုးသမား အယ်လ်တေးဘယင်ဒါကို ကာကွယ်ပြောဆိုလာခဲ့ပါတယ်။ 

အာမိုရင်ဟာ အိုးလ်ထရက်ဖို့ဒ်မှာယှဉ်ပြိုင်ခဲ့တဲ့ ယခုပွဲစဉ်မှာ အန်ဒရေအိုနာနာကို ချန်လှပ်ပြီး ဘယင်ဒါကို ပွဲထွက်ဂိုးသမားအဖြစ် နေရာပေးခဲ့တာဖြစ်ပါတယ်။သို့သော်လည်း ဘယင်ဒါအနေနဲ့ လက်စွမ်းပြသဖို့ရုန်းကန်ခဲ့ရပြီး ထောင့်ကန်ဘောမှတစ်ဆင့် အာဆင်နယ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ 

အာဆင်နယ်အနေနဲ့ ထောင့်ကန်ဘောကန်တင်ရာမှာ နောက်ခံလူ ဝီလီယမ်ဆာလီဘာက ဘယင်ဒါကို သိသိသာသာ လူကပ်ထိန်းချုပ်ထားခဲ့တာဖြစ်ပြီး  ဘယင်ဒါအနေနဲ့ ဘောလုံးကို လွတ်လွတ်လပ်လပ်မကာကွယ်နိုင်ခဲ့တာကြောင့် တစ်ဖက်မှာ လွတ်နေတဲ့ ကာလာဖီအိုရီက သက်တောင့်သက်သာပဲ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ 

ယခင်က အိုနာနာဟာ ပရိသတ်ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရသလို၊ ယခုအခါမှာလည်း ဘယင်ဒါကပါ ထပ်မံဝေဖန်ခံနေရတာကြောင့် ယူနိုက်တက်အနေနဲ့ ယခုနွေရာသီအတွင်း ဂိုးသမားသစ်တစ်ဦးခေါ်ယူဖို့ လိုအပ်နေပြီလို့ ယူဆချက်တွေလည်းမြင်တွေ့နေရပါတယ်။ သို့သော်လည်း ယခုအခါမှာ အာမိုရင်က ဘယင်ဒါကို အပြစ်တင်ခြင်းမရှိဘဲ ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

ဘယင်ဒါနေရာမှာ တွမ်ဟီတန်ကို အစားထိုးခဲ့သင့်တယ်လို့ ခံစားရသလားလို့မေးမြန်းခဲ့ရာ အာမိုရင်က "ဘာဖြစ်လို့လဲ။ ဒီလိုဂိုးမျိုးကို ဘယင်ဒါခွင့်ပြုခဲ့ရလို့လား။ VAR နဲ့စစ်ဆေးသည်ဖြစ်စေ၊ မစစ်ဆေးသည်ဖြစ်စေ ဒါက ပြစ်ဒဏ်ဘောပါပဲ။ အယ်လ်တေးက အရမ်းတော်တဲ့ဂိုးသမားပါ။ ထောင့်ကန်ဘောတွေကို ကာကွယ်တဲ့အခါမှာ ဂိုးသမားအနေနဲ့ ဘောလုံးကို လွတ်လွတ်လပ်လပ်ကာကွယ်ရသင့်ပါတယ်။ ပြိုင်ဘက်ကစားသမားတွေကို လိုက်တွန်းနေစရာမလိုပါဘူး။ တကယ်လို့ သူ့အနေနဲ့ ပြိုင်ဘက်ကစားသမားကို တွန်းနေရရင် ဘောလုံးကို အာရုံမစိုက်နိုင်တော့ပါဘူး။ ဒါပေမယ့် ဘောလုံးကို အာရုံစိုက်နေရင်လည်း သူ့ကိုယ်သူကာကွယ်နိုင်မှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

အိုနာနာကို ချန်လှပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်း ပေါ်တူဂီသားနည်းပြက "ကျွန်တော် အိုနာနာကို ချန်လှပ်ခဲ့တာမဟုတ်ပါဘူး။ သူက တစ်ပတ်လောက်အထိ လေ့ကျင့်ရေးမဆင်းခဲ့ရလို့ပါ။ အခု လက်ရှိဂိုးသမား ၃ ယောက်စလုံးကို ကျွန်တော်သဘောကျပါတယ်" လို့ပြောကြားခဲ့ပါတယ်။ လာမယ့် စနေနေ့မှာတော့ ယူနိုက်တက်ဟာ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အာမိုရင်အနေနဲ့ အိုနာနာ၊ ဘယင်ဒါနဲ့ ဟီတန်တို့ ၃ ယောက်အနက် ဘယ်ဂိုးသမားကို ပွဲထုတ်လာမလဲ စောင့်ကြည့်ရပါမယ်။