The network connection is lost.

Banner Image

ဂါနာချိုကိုစိတ်ဝင်စားပေမယ့် မတန်မဆဈေးနှုန်းနဲ့တော့ ဝယ်ယူမှာမဟုတ်တဲ့ နာပိုလီ

နာပိုလီအားကစားဒါရိုက်တာ ဂျီရိုဗန်နီမန်နာက အသင်းဟာ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကို စိတ်ဝင်စားနေကြောင်း အတည်ပြုခဲ့ပေမယ့် မတန်မဆဈေးနှုန်းနဲ့တော့ ဝယ်ယူသွားမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ နာပိုလီဟာ ယူနိုက်တက်တောင်ပံကစားသမား ဂါနာချိုကိုဝယ်ယူဖို့ စိတ်ဝင်စားနေခဲ့ပြီး ယူနိုက်တက်ကလည်း အသင်းရဲ့အကယ်ဒမီထုတ်ကုန်အတွက် ပေါင်သန်း ၅၀ အထိအလိုရှိနေကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။ နာပိုလီနဲ့အပြိုင် ချဲလ်ဆီးကလည်း ဂါနာချိုကို စိတ်ဝင်စားနေကြောင်း ဖော်ပြထားပေမယ့် အီတလီကလပ်က အာဂျင်တီးနားသားကို မတန်မဆဈေးနှုန်းနဲ့တော့ ဝယ်သူသွားဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ 

ဂါနာချိုဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲသာကစားခွင့်ရထားပြီး နည်ပြသစ်အာမိုရင်ရဲ့ ကစားကွက်မှာအံဝင်ခွင်ကျဖြစ်လို့ ရုန်းကန်နေရတာကြောင့် အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပုံရပါတယ်။ အသင်းရဲ့တောင်ပံကစားသမား ခဗာရက်စ်ခီလီယာကို ပီအက်စ်ဂျီထံ ပေါင် ၅၉ သန်းနဲ့ရောင်းချထားခဲ့တဲ့ နာပိုလီအနေနဲ့ ဂါနာချိုကို အလားအလာရှိတဲ့ အစားထိုးမှုလို့ရှုမြင်ထားတာဖြစ်ပါတယ်။ 

သို့သော်လည်း အားကစားဒါရိုက်တာ မန်နာက “ကာရင်အာဒီယေမနီနဲ့ ဂါနာချိုတို့က ကျွန်တော်တို့စိတ်ဝင်စားနေတဲ့ ကစားသမား ၂ ယောက်ပါ။ သူတို့ကိုခေါ်ယူဖို့ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲမှာ ကျွန်တော်တို့စောင့်ကြည့်နေတဲ့ အခြားကစားသမားတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် မတန်မဆဈေးနှုန်းတွေနဲ့တော့ ကစားသမားသစ်တွေကို ခေါ်ယူသွားမှာမဟုတ်ပါဘူး။ လာမယ့်ရက်အနည်းငယ်အတွင်း ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္လာနေ့မှာတော့ ယူနိုက်တက်ဟာ ဖူလ်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာကနေ ထပ်မံမကျဆင်းသွားစေဖို့ အပြုသဘောဆောင်တဲ့ရလဒ်မျိုး ဖန်တီးသွားနိုင်ဖို့ လိုအပ်နေပါတယ်။