
အီတလီကို အနိုင်ကစားပြီး ဒေါ့မွန်ကွင်းမှာ သမိုင်းသစ်ရေးထိုးမယ်လို့ နာဂယ်စ်မန်း ကြုံးဝါး
ဂျာမနီနည်းပြ ဂျူလီယန် နာဂယ်စ်မန်းက ဒေါ့မွန်ကွင်းမှာ အီတလီကို အနိုင် ကစားပြီး နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ကို တက်အောင် ကြိုးစားမယ်လို့ ပြောလိုက်ပါတယ်။ ဒီပွဲဟာ ၂၀၀၆ ခုနှစ် တုန်းက ဂျာမနီအသင်း ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အီတလီကို ရှုံးခဲ့တဲ့ နေရာမှာ ကစားမှာဖြစ်လို့ ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။
အဲဒီပွဲတုန်းက အီတလီက အချိန်ပိုမှာ ၂-၀ နဲ့ နိုင်သွားတာပါ။ ဖေဘီယိုဂရော့ဆိုနဲ့ အလက်ဇန္ဒရိုဒယ်လ်ပီယာရိုတို့က နောက်ကျ ဂိုးတွေသွင်းပြီး အိမ်ရှင်ဂျာမနီကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့တာပါ။ ဒါပေမယ့် နာဂယ်စ်မန်းက အတိတ်က ကိစ္စတွေကို ခေါင်းထဲမထားဘဲ ဂျာမနီလက်ရွေးစင်အသင်းအတွက် သမိုင်းအသစ်တစ်ခု ဖန်တီးဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။
"၂၀၀၆ တုန်းကပွဲကို မှတ်မိပါသေးတယ်။ ဂျာမနီ မနိုင်ခဲ့လို့ အခုထိ စိတ်မကောင်းဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အရင်ကအကြောင်းတွေထက် အခုလက်ရှိအကြောင်းကို ပြောတာ ပိုအရေးကြီးပါတယ်။ ကျွန်တော်တို့ ကိုယ်ပိုင် သမိုင်းသစ်တစ်ခုကို ရေးချင်တာပါ" လို့ နာဂယ်စ်မန်းက စနေနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂျာမနီဟာ ကြာသပတေးနေ့က ကစားခဲ့တဲ့ ပထမအကျော့မှာ ၂-၁ နဲ့ နိုင်ထားပြီး ဒီပွဲကို လာကစားတာပါ။ နာဂယ်စ်မန်းက သူ့အသင်းဟာ အီတလီရဲ့ မြန်မြန်ဆန်ဆန် ကစားတဲ့ပုံစံကို မကြောက်သလို ဂိုးသွင်းခွင့်တွေလည်း ဖန်တီးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ "ကျွန်တော်တို့ စိတ်ဓာတ်တက်ကြွနေတယ်။ နိုးလည်း နိုးကြားနေတယ်။ ဒီပွဲအတွက် အဖြေကောင်းတွေ ရှိတယ်။ အရေးကြီးတာက ဂိုးသွင်းခွင့်တွေ ဖန်တီးဖို့ပါပဲ။ ကျွန်တော်တို့ နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ သူက ထပ်ပြောပါတယ်။
နာဂယ်စ်မန်းက နေမကောင်းလို့ ဒီပွဲကို ကစားနိုင်ပါ့မလား မသေချာတဲ့ တိုက်စစ်မှူး ဂျိုနသန်ဘာ့ခ်ဟတ်ရဲ့ အခြေအနေကိုလည်း ပြောပြခဲ့ပါတယ်။ ပထမအကျော့မှာ ဘာ့ခ်ဟတ် နေရာမှာ တင်မ်ကလိုင်းဒင်းစ် ဝင်ကစားခဲ့ပြီး ဝင်ဝင်ချင်း ဂိုးသွင်းခဲ့ပါတယ်။ လီယွန်ဂေါ်ရက်ဇ်ကာရဲ့ ဂိုးကတော့ ဂျာမနီအတွက် အနိုင်ဂိုး ဖြစ်ခဲ့တာပါ။ "နည်းစနစ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေတော့ ရှိမှာပါ။ ဒါပေမယ့် ဘာတွေပြောင်းမလဲဆိုတာကိုတော့ မပြောပြချင်ဘူး" လို့ နာဂယ်စ်မန်းက ဒီပွဲအတွက် ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာ ဖြေခဲ့ပါတယ်။