ဆင်းရဲတွင်း နက်တဲ့ ဂီနီနိုင်ငံက ထွန်းတောက်လာတဲ့ ဘောလုံးသမား (သို့) ခြေဗလာဖြင့် ဘောလုံးကန်ရင်း လီဗာပူး ပရိသတ်အဖြစ်နဲ့ မွေးဖွားလာသူ နာဘီကေတာ
ဂီနီလို့ခေါ်တဲ့ မထင်မရှားနိုင်ငံလေးကနေ ပေါ်ထွန်းလာသူ ဘောလုံးသမားတစ်ဦး ရှိပါတယ်။ အဆိုပါကစားသမားဟာ ငယ်စဉ်ဘဝကပင် လီဗာပူးအသင်းအကျီဝတ်ရင်းနဲ့ ပရီးမီးယားလိဂ်မှာ ကစားဖို့စိတ်ကူးအိပ်မက်မက်ခဲ့သူ ဖြစ်ပါတယ်။ သူကတော့ လွန်ခဲ့တဲ့ ၃နှစ်ခန့်က လိုက်ပ်ဇစ်ကနေ ပေါင်၅၂.၇၅သန်းဖြင့် လီဗာပူးအသင်းထံ ရောက်ကာ ငယ်ဘဝအိပ်မက်တွေ ပြည့်ဝခဲ့တဲ့ ကွင်းလယ်လူ နာဘီကေတာဘဲ ဖြစ်ပါတယ်။
Box to Box ကစားတဲ့ ကေတာဟာ ဘောလုံးထိန်းသိမ်းပုံ ကောင်းခြင်း၊ မရပ်မနားပြေးလွှားခြင်း အားပါတဲ့ ကန်ချက်တွေနဲ့ဂိုးရှာဖွေနိုင်ခြင်း အစရှိတဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ပါတယ်။ သဘာဝကပေးတဲ့ အရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် ကေတာရဲ့ ဘောလုံးသမားဘဝဖြစ်တည်ရာ လမ်းကြောင်းကတော့ လွယ်ကူခြင်း မရှိခဲ့ပါဘူး။
ဆင်းရဲလှတဲ့ အရပ်ဒေသဖြစ်တဲ့ ဂီနီရှိ ကိုနာကရီမှာ ကြီးပျင်းလာခဲ့ပြီး နိုင်ငံရေးအရလည်း လုံခြုံမှုမရှိတဲ့ နေရာတွင် ကေတာဟာ ယဉ်ကြောပိတ်ဆို့နေတဲ့ လမ်းမပေါ်တွေမှာ အသက်အန္တာရယ်မမူဘဲ ခြေဗလာနဲ့ ဘောလုံးကစားရင်းနဲ့တစ်ခါတစ်ရံ သွားနေတဲ့ မော်တော်ကားတွေနဲ့ တိုက်မိတတ်ပါတယ်။ ဒီလိုမျိုး အရပ်မှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် ကေတာဟာ တခြားသူတွေထက် အောင်မြင်မှုအထွတ် အထိပ်သို့ရောက်ဖို့ ဆာလောင်နေတဲ့သူ ဖြစ်ခဲ့ပါတယ်။
ဂိုးလ်သို့ကေတာက သူရဲ့ ဘဝဇာတ်ကြောင်းကို ပြောရာတွင်“ကျွန်တော်တို့သူငယ်ချင်းတွေ ဆန္ဒရှိသလောက် ဘောလုံးကစားကြပါတယ်။ ကျွန်တော့်ခြေထောက်မှာ ဘာမှမပါပါဘူး။ တစ်ခါတစ်လေတော့ ဟောင်းနွမ်းနေတဲ့ ဖိနပ်နဲ့ကစားပါတယ်။ ကျွန်တော်မှာတော့ ဖိနပ်က လုံးဝမရှိဘူးဗျ ကံကောင်းတဲ့အခါ ဘောလုံးရှပ်အကျီတွေ ရပါတယ်။ ဒါတွေကအားလုံးက ယနေ့ ကျွန်တော် ပရော်ဖက်ရှင်နယ်ဖြစ်လာရာမှာ အကူအညီဖြစ်စေပါတယ်။ ကွင်းထဲမှာ ဘာကိုမှ ကျွန်တော် မကြောက်ပါဘူး။ ကျွန်တော်က ငယ်သေးတဲ့သူမို့ ဘောလုံးကစားခွင့်၊ လေးစားမှုရဖို့အစရှိတဲ့ အရာတွေမှာ တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဒါကြောင့်ဘဲ လမ်းမပေါ်မှာ သွားနေတဲ့ ကားတွေတောင် ကျွန်တော့်ကို မတားဆီးနိုင်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ဖြစ်တည်မှုတွေက အဲဒီလိုနေရာတွေကနေ စိတ်အားထက်သန်မှုအဖြစ် ပေါ်ထွက်လာခဲ့တာပါ”ဟု ဆိုသည်။
ကေတာဟာ အိမ်မှာရှိတဲ့ အရာမှန်သမျှ ဘောလုံးအဖြစ် မှတ်ယူကန်နေကတည်းက မိခင် မီရီယန်၊ ဖခင် ဆက်ကူတို့ဟာ သူတို့ရဲ့ သားဟာ အလွန်တော်တဲ့ ကစားသမားဖြစ်လာတော့မယ်ဆိုတာ ရိပ်စားမိခဲ့ပါတယ်။ “စားပွဲပေါ်က ပြုတ်ကျတဲ့ ရေဗူးဘဲ ဖြစ်ဖြစ် လိမ္မော်သီးဘဲ ဖြစ်ဖြစ် ကျွန်တော်က လိမ်ခေါက်တော့တာဘဲ”ဟု ကေတာက ရယ်မောရင်း ပြောပါတယ်။
“ကြမ်းပေါ်ကျတဲ့ အရာမှန်သမျှ ကျွန်တော် ကန်နိုင်တယ် ဒါတွေနဲ့အတူ ဖျော်ဖြေနိုင်တယ် အမေက ဘယ်နေရာကို ခေါ်သွားခေါ်သွား ရောက်တဲ့နေရာ ကျွန်တော် ဘောလုံးဘဲ ကန်နေတာ..”လို့ပြောပါတယ်။ အသက်၉နှစ်အရွယ်တွင် မြိုခံ ဘောလုံးအသင်းဖြစ်တဲ့ ဟိုရိုယာ အသင်းထံ ကေတာရောက်ရှိခဲ့ပြီး အသင်းတွင် အထူးချွန်ဆုံးသူအဖြစ် သမုတ်ခံခဲ့ရပါတယ်။
အာဖရိကဘောလုံးကင်းထောက်တွေက လူငယ်လေးကေတာကို ဥရောပကို ပြောင်းရန် အကြံပေးခဲ့ကြပါတယ်။ အကြောင်းရင်းမှာ လူအများ ပိုပြီး သတိထားမိစေရန် ဖြစ်ပါတယ် ဒါပေမဲ့ ကေတာကိုယ်တိုင်လည်း မရေမရာဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဘောလုံးပွဲကို တီဗွီက ကြည့်ခဲ့တဲ့အချိန်က ကေတာဟာ အသက်၁၂နှစ်အရွယ်တွင် ရှိနေပါပြီ။ သူကိုယ်တိုင်လည်း အင်္ဂလန်ဘောလုံးကို သွားရောက်ကစားလိုခဲ့ပါတယ်။
အိမ်ကွင်းနေရင်း ဘောလုံးကန်ရဖို့က မဖြစ်နိုင်ပါဘူး ဒါကြောင့်် ဥရောပမှာ ကိုယ်ကိုကိုယ် စမ်းသပ်ခံထွက်ဖို့ဖြစ်လာခဲ့တယ်။ “ဘောလုံးပွဲကို ကျွန်တော်ချစ်သလို မိသားစုကိုလည်း ပံ့ပိုးနိုင်မယ့် ယူဆချက်ကြောင့် ဘောလုံးသမားဖြစ်လာဖို့ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့တယ်”တိုက်ဆိုင်မှုတစ်ခုက ကေတာဟာ လီဗာပူးအကျီကို ငယ်စဉ်ကတည်းက ဝတ်ဆင်ကစားဖူးသူ ဖြစ်ပြီး သူရဲ့ အသင်းဖော်တွေအပြင် သူ့ဖခင်ကိုယ်တိုင်က လီဗာပူးရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်ပါတယ်။
“ကျွန်တော့်အဖေက လီဗာပူးရဲ့ အမာခံပရိသတ်ပါ ကျွန်တော်မှတ်မိသလောက်တော့ သူက လီဗာပူး အသင်းအကြောင်းကို အမြဲ ပြောနေခဲ့တယ် ကလေးဘဝကတည်းက အဖေက လီဗာပူးအကြောင်းကို ရူးရူးမူးမူး ပြောတတ်သူမို့အသင်းရဲ့အကြောင်းကို သိနေခဲ့ပါတယ်။ သေချာတာပေါ့ဗျာ။ ကျွန်တော့်ဆီ လီဗာပူးက ကမ်းလှမ်းလာချိန်နှင့် လာမယ့်နှစ်မှာ အပြောင်းအရွှေ့ပြီးသွားတဲ့အချိန်မှာ အရမ်းကို ဝမ်းသာခဲ့တာ အဖေလေ။ သူက အစ္စတန်ဘူလ်ရဲ့ ညတွေ…စတီဗင်ဂျာရတ်နှင့် လီဗာပူးရဲ့ အခြားသောကြယ်ပွင့်ကစားသမားတွေ အကြောင်းကို ပြောပြခဲ့ပါတယ်”ဟု ကေတာက ဖွင့်ဟပါတယ်။
ကြီးကောင်ပေါက်အဖြစ် ရောက်လာတဲ့အခါမှာ ကေတာဟာ သူရဲ့ တန်ဖိုးကို ပြသရန် ပြင်သစ်သို့သွားပြီး အသင်းများစွာထံမှာ ခြေစွမ်းစမ်းသပ်မှုတွေ ခံယူခဲ့ပေမယ့် သဘောကျနှစ်သက်တဲ့အသင်း မတွေ့ခဲ့ပါဘူး။ လော်ရီယန့်အသင်းအပါအဝင် အသင်းပေါင်းများစွာရဲ့ ငြင်းပယ်ခြင်း ခံခဲ့ရတယ်လို့ကေတာက ဝန်ခံဖွင့်ဟခဲ့ပါတယ်။ လမ်းမတွေပေါ်မှာသာ ဘောလုံးကစားခဲ့ရတဲ့အတွက် စကေးပြတိုင်းမှာ သူဆီက နည်းပြက ဘာလိုချင်သလဲဆိုတာ နားလည်ဖို့ခက်ခဲခဲ့ကြောင်း ကေတာက ဝန်ခံပါတယ်။
“တစ်ခါတစ်လေကျ ကျွန်တော်စကေးပြနိုင်ရင်တောင် မရွေးတဲ့အတွက် အံ့သြရပါတယ် တကယ့်ကို ခက်ခဲတဲ့ အချိန်တွေ ဖြစ်ခဲ့ပါတယ်။ အိပ်မက်က လှမ်းမိနိုင်တဲ့ အကွာအဝေးမှာ ရှိနေပေမယ့် ပြိုလဲသွားတိုင်းမှာ အစကနေ ပြန်စရပါတယ်။ ပရော်ဖက်ရှင်နယ်ပွဲကို ကျွန်တော်တစ်ခါမှ မကန်ခဲ့ရပါဘူး။ ဘောလုံးအကယ်ဒမီမှာ ကြီးပြင်းလာတာ မဟုတ်တဲ့အတွက် ကျွန်တော်သိတဲ့ ဘောလုံးက လမ်းမပေါ်မှာ ကန်တဲ့အရာတွေဘဲ ဖြစ်တယ်။ ဘောလုံးရတယ် ပြေးတယ် ကစားသမားတစ်ဦးကို စကေးပြ ကျော်ဖြတ်တယ် ဂိုးသွင်းတယ်။ ခြေစွမ်းစမ်းသပ်ရာမှာ နည်းပြတွေက ကျွန်တော်တစ်ခါမှ မကြားဖူးတဲ့ အရာတွေ တောင်းဆိုတယ်။ သူတို့က ကျွန်တော်နားမလည်တဲ့ ဘောလုံးအသုံးအနူန်းတွေ သုံးတယ်။ ကျွန်တော်ဆင်ခြေပေးလို့မရတဲ့ နည်းစနစ်တွေ ပေးတယ်။ နည်းစနစ်အကြောင်း လုံးဝမသိခဲ့ဘူး။ ဒါတွေကြောင့်ဘဲ ကျွန်တော် အငြင်းခံရတာလို့ပြောခံရတယ်”
ကေတာကို တောက်ပအောင် ခြေသွေးပေးနိုင်မယ့် ပထမဆုံးကလပ်ကတော့ လီမန်းစ် ဖြစ်ခဲ့ပါတယ်။ အဆိုပါအချိန်တွင် ကေတာဟာ အသက်၁၈နှစ် ရှိနေပြီ ဖြစ်ပါတယ်။ဒါပေမဲ့အဆိုပါအသင်းဟာ ဘဏ္ဍရေးပျက်လုနီးပါး ဖြစ်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်အောင် မစွမ်းဆောင်ခဲ့ပါဘူး။ ကံကောင်းချင်တော့ ပြင်သစ်တောင်ပိုင်းအခြေစိုက် Istres အသင်းရဲ့ အားကစားဒါရိုက်တာ အာပီနွန်ထံ ကေတာအား ခြေစွမ်းစမ်းသပ်ရန် ကင်းထောက်တစ်ချို့ရဲ့ အကြံပြုခံရပါတယ်။ အာပီနွန်က ကေတာကို ခြေစွမ်းလာရောက်စမ်းသပ်ဖို့ဖိတ်ခေါ်ခဲ့ရာ ကေတာကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ခြေစွမ်းပြနိုင်မှုကြောင့် ကေတာကို ချက်ချင်းဆိုသလို ခေါ်ယူခဲ့ပြီး ပွဲကစားခွင့် ရခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာဘဲ ကေတာဟာ သြစတြီးလျကလပ် ဆဲလ်ဘတ်မှာ မာနေးနဲ့အတူ တွဲကစားခဲ့ရပြီး အန်ဖီးလ်မှာ နောက်တစ်ကြိမ် အသင်းဖော်ဟောင်းနဲ့ပြန်စုံဆည်းခဲ့ပါတယ်။
“မာနေးက အများကြီး ကျွန်တော့်ကို ကူညီခဲ့ပါတယ် ဘာသာစကားရော တခြားအသင်းဖော်တွေနဲ့ သူငယ်ချင်းတွေဖြစ်အောင်ရော ကလပ်နဲ့မြို့အကြောင်းကို နားလည်အောင်ပါ သင်ပေးခဲ့ပါတယ်။ ဆဲလ်ဘတ်အသင်းက ကစားသမားတစ်ဦးအဖြစ် ကျွန်တော့်ကို တိုးတက်စေခဲ့ပါတယ် အဲဒီမှာ အတော်များများ လေ့လာသင့်ယူခွင့်ရခဲ့ပြီး နည်းစနစ်ပိုင်းမှာ အမှန်တကယ် နားလည်သွားခဲ့တယ်။ ဆာဒီ (မာနေး) က ကျွန်တော့်အတွက် အရေးပါတဲ့သူ ဖြစ်ခဲ့ပါတယ် ခုလည်း ဖြစ်နေဆဲလို့ပြောရမှာပါ။ သူက ကျွန်တော့်ရဲ့ အစ်ကိုကြီးတစ်ယောက်လိုပါဘဲ။ သူက အသစ်အသစ်တွေ လေ့လာရတာ ကြိုက်နှစ်သက်ပြီး တိုးတက်လာအောင် သူကိုယ်သူ ကြိုးစားပါတယ် ကျွန်တော်တို့နှစ်ယောက် တူညီတဲ့ လမ်းကို လျှောက်ဖြစ်တယ်။ သူက ကျွန်တော့်အတွက် စံနမူကောင်းတစ်ယောက်ပါပဲ”ဟု ကေတာက ဆိုခဲ့သည်။
လီဗာပူးအသင်းထံ ရောက်ရှိလာပြီးနောက်တွင် ကေတာဟာ ကြိုးကြာနီတွေနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ယူအီးအက်ဖ်အေစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား အစရှိတဲ့ ဆုဖလားတွေကို ကိုင်မြှောက်ထားနိုင်တဲ့ အောင်မြင်သောဘောလုံးသမားတစ်ယောက် အဖြစ် ရှိနေပြီ ဖြစ်ပါတယ်။