The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်တို့ မဖြစ်မနေသတိထားရမယ့် မက်ဒီဆင်ရဲ့ စွမ်းဆောင်ချက်များ

အက်ဒရီယန်ကလက်ခ်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ သုံးသပ်ချက်အရ ပွဲစဉ် ၃၁ မှာ တောက်ပမယ့် ကစားသမားတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒီထဲကတစ်ယောက်ကတော့ ဒီတစ်ပတ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် လက်စတာစီးတီး ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ပါပဲ။

၂၀၂၁-၂၂ ရာသီမှာ မက်ဒီဆင်ရဲ့ ခြေစွမ်းဟာ လက်စတာအသင်းအတွက် အဓိကကျခဲ့ပါတယ်။ ကွင်းလယ်လူဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဂိုး ၈ ဂိုးသွင်းယူထားပြီး ၂၁၅.၆ မိနစ်ကို တစ်ဂိုးနှုန်းသွင်းယူခဲ့တဲ့ သူ့ရဲ့အရင်စံချိန်ဟောင်းကိုတောင် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာ လက်စတာရဲ့ build-up ကစားဟန်မှာ ဖိအားကင်းကင်းနဲ့ နံပါတ် ၁၀ နေရာမှာ လွတ်လွတ်လပ်လပ် ကစာခွင့်ရရှိနေပါတယ်။

မက်ဒီဆင်ရဲ့ ကစားဟန်ကလည်း နေရာလွတ်တွေ ဖန်တီးမှုနဲ့ ဘောလုံးကို တိုက်စစ်လမ်းကြောင်းထဲ ခင်းပေးဖို့ကိုသာ ပိုပြီးအာရုံစိုက်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အပိုင်းကိုတော့ လျှော့ချလာတာ တွေ့ရပါတယ်။

၂၀၁၉-၂၀ ရာသီနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မက်ဒီဆင်ဟာ မိနစ် ၉၀ အတွင်း ဘောလုံးကိုင်ကစားတာကို ၃၃.၂၉ မိနစ်ထိ သိသိသာသာ လျှော့ချခဲ့တာတွေ့ရပါတယ်။ ရာသီအလိုက် မက်ဒီဆင်ရဲ့ ဘောလုံးထိချက်နဲ့ပေးပို့မှုလုပ်ခဲ့တဲ့ အချိန်တွေကတော့ …

၂၀၁၉-၂၀ = မိနစ် ၉၀ မှာ ဘောလုံးထိမှု ၇၄.၅၅ မိနစ်၊ ဘောလုံးပေးပို့မှု ၅၀.၄၅ မိနစ်။
၂၀၂၀-၂၁ = မိနစ် ၉၀ မှာ ဘောလုံးထိမှု ၆၄.၄၁ မိနစ်၊ ဘောလုံးပေးပို့မှု ၄၃.၆၅ မိနစ်။
၂၀၂၁-၂၂ = မိနစ် ၉၀ မှာ ဘောလုံးထိမှု ၅၀.၅၆ မိနစ်၊ ဘောလုံးပေးပို့မှု ၃၃.၂၉ မိနစ်။

ဒီရာသီမှာ ၂၅ နှစ်အရွယ် ကစားသမားဟာ ကွင်းလယ်တိုက်စစ်ကစားသမား ပိုပီသလာခဲ့ပြီး ဂိုးဖန်တီးမှုတွေထက် အဆုံးသတ်ဂိုးသွင်းယူမှုတွေကိုလည်း ပိုလုပ်လာခဲ့ပါတယ်။ ဒီရာသီ လက်စတာကစားသမား အားလုံးထက် ဂိုးပေါက်ခြိမ်းခြောက်မှုနှုန်းရော၊ ဂိုးပေါက်တည့်မတ်မှုနှုန်းမှာပါ သာလွန်နေပြီး ဂျေမီဗာဒီရဲ့ အကောင်းဆုံးစံချိန်ထက်တောင် ပိုကောင်းနေပါတယ်။

ဒီရာသီကလည်း ပြီးဆုံးဖို့ ပွဲအနည်းငယ်လိုသေးတာကြောင့် မက်ဒီဆင်ရဲ့ ဂိုးသွင်းနှုန်းက ပိုများလာဖို့ ရှိနေတာကြောင့် ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်လာဖို့ရှိနေပါတယ်။ လီဗာပူး၊ မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်တို့ကိုလည်း ပြိုင်ပွဲစုံမှာ ဂိုးသွင်းယူထားပြီး စနေနေ့မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

မိနစ်အလိုက် ဂိုးသွင်းယူထားတဲ့ ကွင်းလယ်ကစားသမားများ
--------------------------------------------------------------------
အီမေးလ်စမစ်ရို( ၉ ဂိုး ) - ၁၆၇.၁၁ မိနစ်မှာ ၁ ဂိုး
ကီဗင်ဒီဘရိုင်း ( ၉ ဂိုး ) - ၁၇၀.၇၈ မိနစ်မှာ ၁ ဂိုး
မက်စ်ဝဲလ်ကောနက် ( ၆ ဂိုး ) - ၁၈၄.၃၃ မိနစ်မှာ ၁ ဂိုး
မေဆင်မောင့် ( ၈ ဂိုး ) - ၂၀၈.၂၅ မိနစ်မှာ ၁ ဂိုး
ဂျိမ်းစ်မက်ဒီဆင် ( ၈ ဂိုး ) - ၂၁၅.၆၃ မိနစ်မှာ ၁ ဂိုး
မက်ဒီဆင်ဟာ နံပါတ် ၁၀ နေရာအတွက် အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေပြီး အဓိကတိုက်စစ်မှူးရဲ့ အနောက်မှာ ကစားရတာက သူ့အတွက် အကောင်းဆုံးနေရာလည်း ဖြစ်ပါတယ်။ ဒါကမှန်ချင်မှလည်း မှန်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်စတာရဲ့နောက်ဆုံးပွဲဖြစ်တဲ့ ဘရန့်ဖို့ဒ်ကို ၂-၁ နဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကွင်းလယ်ညာခြမ်းကို ထွက်ကစားပြီး အကောင်းဆုံး ခြေစွမ်းပြသွားလို့ပါပဲ။ ကွင်းလယ်နေရာစုံမှာ ကစားနိုင်နေတာကလည်း မက်ဒီဆင်ရဲ့ စွမ်းဆောင်ရည်ကို မှန်းရပိုခက်စေပါတယ်။

ဒီရာသီ မက်ဒီဆင်ရဲ့ ပရီးမီးယားလိဂ်ဂိုး ၈ ဂိုးကို ပြန်ကြည့်လိုက်ရင် ထိချက်အများကြီး အသုံးမပြုခဲ့တာကို တွေ့ရပါတယ်။ ဒီဂိုးတွေထဲက ၆ ဂိုးဟာ တိုက်စစ်ကို အရှိန်နဲ့ပြေးလွှားထိုးဖောက်မှုကနေ ရရှိခဲ့တာဖြစ်ပြီး ဟာဗေးဘန်းစ်၊ ပက်ဆန်ဒါကာတို့ တော့တင်ဟမ်၊ နယူးကာဆယ်တို့နဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးတွေကလည်း ပုံစံတူပဲ ဖြစ်ပါတယ်။ မက်ဒီဆင်ရဲ့ ကောင်တာဂိုးတွေကို ဘရန့်ဖို့ဒ်၊ မန်စီးတီးတို့နဲ့ ပွဲတွေမှာလည်း မြင်တွေ့နိုင်ပါတယ်။

ဝက်ဖို့ဒ်ကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာဆိုရင် ခံစစ်ကိုပါ ဆင်းကူခဲ့ပေမယ့် ဗာဒီကိုတောင် ကျော်ဖြတ်နိုင်တဲ့ မြန်နှုန်းမြင့် ပြေးအားနဲ့ ဂိုးသွင်းယူခဲ့ပါသေးတယ်။ နည်းပြရော်ဂျာဟာ ဒီရာသီမှာ မက်ဒီဆင်ရဲ့ ကစားဟန်ကို ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့ပြီး ကွင်းလယ်ကနေ တောက်လျှောက်ဆွဲပြေးပြီး အဝေးကန်ချက်တွေနဲ့ ပိုပြီးအဆုံးသတ်စေခဲ့ပါတယ်။ ဒီအပြောင်းအလဲကြောင့်လည်း မက်ဆီဆင်ဟာ ပြိုင်ဘက်ဂိုးပေါက်ကို ပုံမှန်လိုလို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒီခြေစွမ်းကိုသာ ရာသီကုန်ထိ ဆက်ထိန်းနိုင်ခဲ့မယ်ဆိုရင်တော့ ကစားသမားဘ၀ တစ်လျှောက်မှာ ဒီရာသီက မက်ဒီဆင်အတွက် ခြေစွမ်းအပြနိုင်ဆုံး ရာသီတစ်ခု ဖြစ်လာတော့မှာပါ။